နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

 

ပိဋကတ် မြန်မာပြန်ကျမ်းများ

အတွက်

လမ်းညွှန်မာတိကာ

၁။ သုတ္တန် မာတိကာ

  ကျမ်း စာအုပ် သုတ်

က - ဒီဃနိကာယ်

ကျမ်း ၃ ကျမ်း
၁.က ၁/၃ - ၁။ သီလက္ခန္ဓဝဂ္ဂ (သီလက္ခန္ဓဝဂ်)
၂.က ၂/၃ - ၂။ မဟာဝဂ္ဂ (မဟာဝဂ်)
၃.က ၃/၃ - ၃။ ပါထိကဝဂ္ဂ (ပါထိကဝဂ်)
စာအုပ် ၃ အုပ်
သုတ်သီလက္ခန်
သုတ်မဟာဝါ
သုတ်ပါထေယျ
သုတ်ပေါင်း ၃၄ သုတ်
၁၃ သုတ်
၁၁ သုတ်
၁၁ သုတ်
ခ - မဇ္ဈိမနိကာယ် ကျမ်း ၃ ကျမ်း
၄.ခ ၁/၃ - ၁။ မူလပဏ္ဏာသ
၅.ခ ၂/၃ - ၂။ မဇ္ဈိမပဏ္ဏာသ
၆.ခ ၃/၃ - ၃။ ဥပရိပဏ္ဏာသ
စာအုပ် ၃ အုပ်
ရှေ့ဦးအစသုတ် ၅၀ ပါကျမ်း
အလယ်သုတ် ၅၀ ပါကျမ်း
နောက်ဆုံးသုတ် ၅၂ ပါကျမ်း
သုတ်ပေါင်း ၁၅၂ သုတ်
၅၀ သုတ်
၅၀ သုတ်
၅၂ သုတ်
ဂ - သံယုတ္တနိကာယ် ကျမ်း ၅ ကျမ်း
၇.ဂ ၁/၃ - ၁။ သဂါထာဝဂ္ဂကျမ်း
၇.ဂ ၁/၃ - ၁။ နိဒါနဝဂ္ဂကျမ်း
၈.ဂ ၂/၃ - ၂။ ခန္ဓဝဂ္ဂကျမ်း
၈.ဂ ၂/၃ - ၂။ သဠာယတနဝဂ္ဂကျမ်း
၉.ဂ ၃/၃ - ၃။ မဟာဝဂ္ဂကျမ်း
စာအုပ် ၃ အုပ်
သဂါထာဝဂ္ဂကျမ်း နှင့် နိဒါနဝဂ္ဂကျမ်း (ပ)
ခန္ဓဝဂ္ဂကျမ်း နှင့် သဠာယတနဝဂ္ဂကျမ်း (ဒု)
မဟာဝဂ္ဂကျမ်း (တ)
သုတ်ပေါင်း ၇၇၆၂ သုတ်
ဃ - အင်္ဂုတ္တရနိကာယ် ကျမ်း ၁၁ ကျမ်း
၁၀.ဃ ၁/၃ ၁။ ဧကကနိပါတ်
၁၀.ဃ ၁/၃ ၁။ နိပါတ်
၁၀.ဃ ၁/၃ ၁။ နိပါတ်
၁၀.ဃ ၁/၃ ၁။ စတုက္ကနိပါတ်
၁၁.ဃ ၂/၃ ၂။ ပဉ္စကနိပါတ်
၁၁.ဃ ၂/၃ ၂။ နိပါတ်
၁၁.ဃ ၂/၃ ၂။ သတ္တကနိပါတ်
၁၂.ဃ ၃/၃ ၃။ အဋ္ဌကနိပါတ်
၁၂.ဃ ၃/၃ ၃။ နိပါတ်
၁၂.ဃ ၃/၃ ၃။ နိပါတ်
၁၂.ဃ ၃/၃ ၃။ ဧကာဒသကနိပါတ်
စာအုပ် ၃ အုပ်
ဧကကနိပါတ် မှ စတုက္ကနိပါတ်ထိ ၄ ကျမ်း
ပဉ္စကနိပါတ် မှ သတ္တကနိပါတ်ထိ ၃ ကျမ်း
အဋ္ဌကနိပါတ် မှ ဧကာဒသကနိပါတ်ထိ ၄ ကျမ်း
သုတ်ပေါင်း ၉၅၅၇ သုတ်
င - ခုဒ္ဒကနိကာယ် ကျမ်း ၁၄ ကျမ်း (စုစုပေါင်း ၁၈ ကျမ်းမှ)
၂၃.င-၃ ၁/၇ ၁။ ခုဒ္ဒကပါဌ
၂၃.င-၃ ၁/၇ ၂။ ဓမ္မပဒ
၂၃.င-၃ ၁/၇ ၃။ ဥဒါန = ဥဒါန်း
၂၃.င-၃ ၁/၇ ၄။ ဣတိဝုတ္တက = ဣတိဝုတ်
၂၃.င-၃ ၁/၇ ၅။ သုတ္တနိပါတ = သုတ္တနိပါတ်
၂၄.င-၃ ၂/၇ ၆။ အပဒါန် (ပထမတွဲ)
၂၅.င-၃ ၃/၇ ၆။ အပဒါန် (ဒုတိယတွဲ)
၂၅.င-၃ ၃/၇ ၇။ ဗုဒ္ဓဝံသ
၂၅.င-၃ ၃/၇ ၈။ စရိယာပိဋက
၂၆.င-၃ ၄/၇ ၉။ ပဋိသမ္ဘိဒါမဂ်
၂၇.င-၃ ၅/၇ ၁၀။ မိလိန္ဒပဉှာ
၂၈.င-၃ ၆/၇ ၁၁။ ဝိမာနဝတ္ထု
၂၈.င-၃ ၆/၇ ၁၂။ ပေတဝတ္ထု
၂၉.င-၃ ၇/၇ ၁၃။ ထေရဂါထာ
၂၉.င-၃ ၇/၇ ၁၄။ ထေရီဂါထာ
စာအုပ် ၇ အုပ်(စုစုပေါင်း ၁၁ အုပ်မှ)
|
|
| ၁ အုပ်
|
|
ထေရာပဒါန် - ၁ အုပ်
|ကျန်ထေရာပဒါန် + ထေရီပဒါန်
|၁ အုပ်
|
၁ အုပ်
၁ အုပ်
|
|၁ အုပ်
|
|၁ အုပ်
အဖြေရှာရန်

 

၂။ ဝိနည်း မာတိကာ

င - ခုဒ္ဒကနိကာယ် ကျမ်း ၅ ကျမ်း
၁၃.င-၁ ၁/၅ ၁။ ပါရာဇိက
၁၄.င-၁ ၁/၅ ၂။ ပါစိတ္တိယ
၁၅.င-၁ ၁/၅ ၃။ မဟာဝဂ္ဂ
၁၆.င-၁ ၁/၅ ၄။ စူဠဝဂ္ဂ
၁၇.င-၁ ၁/၅ ၅။ ပါရိဝါရ
စာအုပ် ၅ အုပ်
ပါရာဇိကဏ်
ပါစိတ်
ဝိနည်းမဟာဝါ
စူဠဝါ
ပရိဝါ
အဖြေရှာရန်

 

၃။ အဘိဓမ္မာ မာတိကာ

င - ခုဒ္ဒကနိကာယ် ကျမ်း ၄ ကျမ်း (စုစုပေါင်း ၇ ကျမ်းမှ)
၁၈.င-၂ ၁/၅ ၁။ ဓမ္မသင်္ဂဏီ
၁၉.င-၂ ၂/၅ ၂။ ဝိဘင်း
------------- ၃။ ဓါတုကထာ
၂၀.င-၂ ၃/၅ ၄။ ပုဂ္ဂပညတ်
၂၁.င-၂ ၄/၅ ၅။ ကထာဝတ္ထု (ပ)
၂၁.င-၂ ၅/၅ ၅။ ကထာဝတ္ထု (ဒု)
------------- ၆။ ယမိုက်
 ------------- ၇။ ပဋ္ဌာန်း
စာအုပ် ၅ အုပ် (စုစုပေါင်း ၁၂ အုပ်မှ)
၁ အုပ်
၁ အုပ်
မရှိ
၁ အုပ်
၁ အုပ်
၁ အုပ်
မရှိ
မရှိ
အဖြေရှာရန်

 

အကျဉ်းချုပ်

နိကာယ် (၅) ရပ်   ၄၅ (၅၂) ကျမ်း   ၂၉ (၄၀) အုပ်  

 

ပိုင်းခြားပုံစနစ်

ဝိမုတ္တိရသ ၁ ဓမ္မဝိနယ ၂ ဝစန ၃ ပိဋက ၃ နိကာယ် ၅ ဓမ္မက္ခန္ဓာ ၈၄,၀၀၀

 


က - ဒီဃနိကာယ်
- သီလ နှင့် တန်ဆာဆင်
- မဟာသတိပဋ္ဌာနသုတ် (သံသရာလွတ်ကြောင်း အခြေခံ)

 

ခ - မဇ္ဈိမနိကာယ်
- "သမာဓိဘာဝနာ" ကျင့်နိုင်ရန် လမ်းညွှန်
- သမ္မာဒိဋ္ဌိသုတ်၊ ရထဝိနီတသုတ် [ဝိသုဒ္ဓိ ၇ ပါး]

 

ဂ - သံယုတ္တနိကာယ်

 

ဃ - အင်္ဂုတ္တရနိကာယ်
- ဗဟုသုတ ပဒေသာပင်၊ ယဉ်ကျေးမှု၏ ရေသောက်မြစ်
- အောင်မြင်နည်း၊ သတ္တိပြည့်နည်း၊ ကြွယ်ဝနည်း
- ပညာရှိနည်း၊ ဂုဏ်ကျော်နည်း၊ လောကဓံခံနိုင်နည်း။

 

င - ခုဒ္ဒကနိကာယ်
- ကျမ်းအရေအတွက် အများဆုံးနှင့် တရားသဘောအစုံဆုံး နိကာယ်


ပါဠိတော် မြန်မာပြန်ကျမ်းများနှင့် မိတ်ဆက်စာတမ်း (အမှာစာ)

သမုဒ္ဒရာရေ တစက်တပေါက်ကို လျှာပေါ်၌ တင်ရုံမျှနှင့်ပင် အတိုင်းမသိ ကျယ်ပြန့်နက်ရှိုင်း မြားမြောင်လှသည့် သမုဒ္ဒရာရေထုကြီး တခုလုံး၏ ငန်သောအရသာကို သိနိုင်ပေသည်။ သကြား တမှုန့်တပွင့်မျှကို လျှာပေါ်၌ တင်ကာမျှနှင့်ပင် မြားမြောင်လှသည့် သကြားတို့၏ ချိုမြသော အရသာကို သိနိုင်ပေသည်။ ထိုနည်းတူပင် ရှင်တော်ဘုရား ဟောကြားတော်မူသည့် တရားတော် ၏ အဆီအနှစ်ဝိမုတ္တိအရသာကို ယခုရေးသားထုတ်ဝေသည့် “ပါဠိတော်မြန်မာပြန်များ၏ ကျမ်းဦး မှတ်ဖွယ်’အနည်းငယ်မျှကို ဖတ်ရုံ လေ့လာရုံမျှနှင့်ပင် သိနိုင်မည်ပင် ဖြစ်ပါသည်။ မြတ်စွာဘုရား၏ တရားတော်သည် အတိုင်းမသိ ကျယ်ပြန့်သည်။ နက်နဲသည်၊ ခက်ခဲသည်၊ သိမ်မွေ့လှသည်။ ထိုသို့ ကျယ်ပြန့်နက်နဲ ခက်ခဲသိမ်မွေ့လှသည့် တရားတော်၏ အဆီအနှစ်တို့ကို ဤ ကျမ်းဦးမှတ်ဖွယ်များ ကို လေ့လာရုံမျှနှင့်ပင် သိနိုင်ပေရာ ဤကျမ်းဦးမှတ်ဖွယ်များသည် စာဖတ်သူ ပညာရှင်တို့ကို မူရင်းပိဋကတ်တော်မြန်မာပြန်ကျမ်းတို့ဆီသို့ လမ်းညွှန်ခေါ်ဆောင်သည့် နိဗ္ဗာန်လမ်းပြ မီးရှူး တန်ဆောင်များပင် ဖြစ်ပါသည်။ “ အရိပ်ပြ-အကောင်ထင်၊ အပွေးမြင်-အပင်သိ”ဆိုသကဲ့သို့ ဤစာကို“ မြီး” ရုံမျှနှင့်ပင် လေ့လာသူ သုတေသီတို့သည် ပိဋကတ်ပင်လယ်ကြီး၏ အရသာကို သိနိုင်ကြမည်ပင် ဖြစ်ပါသည်။ တနည်းအားဖြင့် ဥပမာတင်ရပါမူ သင်အပ်ပြီး၍ ယဉ်ကျေးပြီး ဖြစ်သော ချိုး, ခါ ငှက်တိန်ညင်ကလေးများသည် သာယာသော တွန်သံဖြင့် မိမိတို့၏ ဘဝတူ ဆွေရင်းမျိုးချာတို့အား သွေးဆောင်ဖြားယောင်းခေါ်ယူဘိသကဲ့သို့ ဤကျမ်းဦးမှတ်ဖွယ်တို့သည် လည်း ... မြန်မာပြန်ပိဋကတ်ကျမ်းများကို မတွေ့ဘူး မမြင်ဘူး မဖတ်ဘူးသေးသည့် ပညာရှင် သူတော်ကောင်းတို့အား ဖြားယောင်းဖိတ်ခေါ်သည့် “စာတိန်ညင်” များဖြစ်ပါစေဟုပင် ရည်မှန်း မိပါသည်။

စားကောင်းသောက်ဖွယ်တို့ကို စားရလျှင် မိမိချစ်သူကို အောက်မေ့တမ်းတမြဲ ဖြစ်ဘိသို့ ပိဋကတ်ပါဠိတော်မြန်မာပြန်ကျမ်းတို့၏ အရသာကိုလည်း တအူတုံဆင်း ဆွေရင်းမျိုးချာဖြစ်ကြ သည့် ပြည်ထောင်စုဘွား တိုင်းရင်းသားသူတော်ကောင်းတို့အားလည်း ခံစား စံစားစေလိုသည့် စေတနာဖြင့် ဤကျမ်းဦးမှတ်ဖွယ်စာတမ်း’ကို ဖြန့်ချိထုတ်ဝေလိုက်ရပေသည်။


ပိဋကတ်မြန်မာပြန်များအကြောင်း

၄၅-နှစ်(၄၅-ဝါ) အတွင်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူသည့် တရားစကားတော် များကို၎င်း ထို ၄၅-နှစ်အတွင်း၌ဖြစ်စေ ထို့နောက်မှဖြစ်စေ ဗုဒ္ဓရှင်တော်ဘုရား၏ တပည့်သား တို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကိုယူ၍ ဟောကြားတော်မူခဲ့ကြသည့် တရားစကား တော်များကို၎င်း ပါဠိတော် (စကားတော်အစဉ်)ဟု ခေါ်ဝေါ်ကြရလေသည်။

ထိုပါဠိတော်(စကားတော်အစဉ်)တို့ကို သံဂါယနာတင်မှု ပြုတော်မူကြသည့် အရှင်မြတ်တို့က

၁။ ဝိမုတ္တိရသအားဖြင့်  ၁

၂။ ဓမ္မဝိနယအားဖြင့်  ၂

၃။ ၀စနအားဖြင့်  ၃

၄။ ပိဋကအားဖြင့်   ၃

၅။ နိကာယ်အားဖြင့်  ၅

၆။ ဓမ္မက္ခန္ဓာအားဖြင့်  ၈၄,၀၀၀

ဟု ပိုင်းခြားခွဲဝေ၍ သတ်မှတ်ထားတော်မူခဲ့ကြလေသည်။

ထို ၆-မျိုးတို့တွင် (၁) (၂) (၃) နှင့် (၆) တို့ကို ချန်ထား၍ ကျွန်ုပ်တို့ အထူးသိအပ် သည့် ပိဋကသုံးပုံ နှင့် နိကာယ်ငါးရပ်တို့အကြောင်းကို ရေးသားဖော်ပြပါအံ့။


နိကာယ်ငါးရပ်

“နိကာယ်” ဟူသောစကားမှာ 'နိကာယ' ဟူသော ပါဠိစကားပင် ဖြစ်သည်။ အဓိပ္ပါယ်မှာ 'အပေါင်းအစု’ ဟု ဆိုလိုသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဒေသနာတော် များကို အမျိုးအစားပိုင်းခြား၍ အစုငါးစုပြု၍ ထားခဲ့သည်ကို “နိကာယ်ငါးရပ်” ဟု ခေါ်သည်။

ထိုနိကာယ်ငါးရပ်တို့မှာ အောက်ပါအတိုင်းပင် ဖြစ်သည်။

(၁) ဒီဃနိကာယ = ရှည်သောသုတ်များကို စုပေါင်းထားခြင်း၊

(၂) မဇ္ဈိမနိကာယ = မရှည်မတို အလယ်အလတ်သုတ်တို့ကို စုပေါင်းထားခြင်း၊

(၃) သံယုတ္တနိကာယ = တရားသဘော အားဖြင့်၎င်း ဟောကြားချက် အားဖြင့်၎င်း တူသည်ဖြစ်၍ ယှဉ်တွဲသင့်သည့်သုတ်တို့ကို ယှဉ်တွဲ၍ စုပေါင်းထားခြင်း၊

(၄) အင်္ဂုတ္တရနိကာယ = အင်္ဂါတခုစီ ကျော်လွန်သည့် သုတ်များကို စုပေါင်းထားခြင်း၊ တနည်းဆိုသော် တပါး, နှစ်ပါး သုံးပါးစသည်ဖြင့် ၁၁-မျိုးအထိ တရားသဘော အင်္ဂါရပ်များကို တိုး၍ တိုး၍ ကျော်လွန်ပိုမိုပြဆိုအပ်သော သုတ်အသီးသီးတို့ကို စုပေါင်းထားခြင်း၊

(၅) ခုဒ္ဒကနိကာယ = အတိုင်းအရှည်ပမာဏအားဖြင့် တိုသောသုတ်များကို စုပေါင်း ထားခြင်း၊

 

ဤသို့အားဖြင့် အစုနိကာယ်ပေါင်း ငါးခုရှိလေသည်။ ထိုနိကာယ်ငါးရပ်ကို ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ်, ခုဒ္ဒကနိကာယ်ဟု ခေါ်ဝေါ်လေ့ရှိသည်။

နိကာယ်ငါးရပ် နှင့် ပိဋကသုံးပုံတို့၏ ဆက်သွယ်ပုံ ကိုလည်း သိအပ် သိထိုက်သည်အားလျော်စွာ အမြွက်မျှ ဖော်ပြပါဦးအံ့။

မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်အားလုံးကို နိကာယ်အရ ပိုင်းခြားလျှင် အထက်၌ ပြခဲ့သည့်အတိုင်း ငါးစုဖြစ်၍ ပိဋကအရ ခွဲခြားလျှင် သုတ္တန် ဝိနည်း အဘိဓမ္မာ ဟူ၍ သုံးစုဖြစ်လေသည်။ မြတ်စွာဘုရားဟောကြားတော်မူသည့် ပါဠိတော်ကျမ်းရင်းမှာ ၅၂-ကျမ်း ဖြစ်သည်။ ယခုအခါ ဆဋ္ဌသံဂါယနာမှ ရိုက်နှိပ်ထုတ်ဝေ သည့်အတိုင်းမှာ စာအုပ် ၄၀-ဖြစ်သည်။ အချို့ကျမ်းများကို တအုပ်တည်း၌ စုပေါင်းရိုက်နှိပ်သဖြင့် ကျမ်းအရေအတွက်အားဖြင့် ၅၂- ကျမ်းရှိသော်လည်း စာအုပ်အရေအတွက်မှာ ၄၀-သာ ဖြစ်ချေသည်။

ကျမ်းပေါင်း ၅၂-တို့မှာ

( ၁ ) ဒီဃနိကာယ် ၃ ကျမ်း (၃-အုပ်)

(၂) မဇ္ဈိမနိကာယ် ၃ ကျမ်း (၃-အုပ်)

(၃) သံယုတ္တနိကာယ် ၅ ကျမ်း (၃-အုပ်)

( ၄) အင်္ဂုတ္တရနိကာယ် ၁ ကျမ်း (၃-အုပ်)

(၅) ခုဒ္ဒကနိကာယ် ၃ဝ ကျမ်း (၂ဂ-အုပ်)

(က) ဝိနည်း ၅-ကျမ်း (၅-အုပ်)

(ခ) အဘိဓမ္မာ ၇-ကျမ်း (၁၂-အုပ်)

(ဂ) သုတ္တန် ၁ဂ-ကျမ်း (၁၁-အုပ်)

ပေါင်း ကျမ်း ၅၂၊ စာအုပ် ၄ဝ

 

ထိုကျမ်းတို့ကို ပိဋကအရ ခွဲခြားဝေဘန်သော် အောက်ပါအတိုင်း ဖြစ်ပါသည်။

( ၁ ) သုတ္တန်ပိဋက၌အကျုံးဝင်သော နိကာယ်နှင့်ကျမ်းများမှာ’

(က) ဒီဃနိကာယ် ၃-ကျမ်း (၃-အုပ်)

(ခ) မဇ္ဈိမနိကာယ် ၃-ကျမ်း (၃-အုပ်)

(ဂ) သံယုတ္တနိကာယ် ၅-ကျမ်း (၃-အုပ်)

(ဃ) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (၃-အုပ်)

(င) ခုဒ္ဒကနိကာယ် ၁၈-ကျမ်း (၁၁-အုပ်)

ကျမ်းပေါင်း - ၄ဝ, စာအုပ်ပေါင်း - ၂၃

 

(၂) ဝိနည်းပိဋက၌ အကျုံးဝင်သော နိကာယ်နှင့် ကျမ်းများမှာ

ခုဒ္ဒကနိကာယ်မှ ဝိနည်း ၅-ကျမ်း (၅-အုပ်)

 

( ၃ ) အဘိဓမ္မာပိဋက၌ အကျုံးဝင်သော နိကာယ်နှင့် ကျမ်းများမှာ

ခုဒ္ဒကနိကာယ်မှ အဘိဓမ္မာ ၇-ကျမ်း (၁၂-အုပ်)

ဟူ၍ပင် ဖြစ်ပါသည်။


၁။ ဒီဃနိကာယ (ဒီဃနိကာယ်)
ဒီဃနိကာယ (ရှည်သောသုတ်များ အစု) ၌ သုံးစုထပ်၍ ခွဲပြန်လေသည်။ ဤ သုံးစုကို “ဝဂ္ဂ" ခေါ်သည်။ “ဝဂ္ဂ”ဟူသော ပါဠိစကား၏ အဓိပ္ပါယ်မှာ “အစု” ဟုပင် ဖြစ်သည်။မြန်မာ အခေါ် အဝေါ်အားဖြင့် 'ဝဂ်' ဟု ခေါ်သည်။

ထို ဝဂ္ဂ သုံးခုတို့မှာ - 

(၁) သီလက္ခန္ဓဝဂ္ဂ  (သီလက္ခန္ဓဝဂ်) 

(၂) မဟာဝဂ္ဂ  (မဟာဝဂ်)

(၃) ပါထိကဝဂ္ဂ  (ပါထိကဝဂ်) တို့ပေတည်း။


(၁) သီလက္ခန္ဓဝဂ္ဂ (မြန်မာအခေါ်  သုတ်သီလက္ခန်) ပါဠိတော်တွင် သုတ်ပေါင်း ၁၃-သုတ် ပါရှိသည်။ ထို ၁၃-သုတ်တို့အနက် ဗြဟ္မဇာလသုတ်၌ ဒိဋ္ဌိ ၆၂-ပါးတို့ကို သဗ္ဗညုတ ဉာဏ်တော် ဖြင့် အကျယ်ဟောကြားတော်မူသည်၊ ထို့ပြင် ထို ဒိဋ္ဌိ ၆၂-ပါးတို့ကို ဖဿာယတန၊ ဒွါရ ခြောက် ပါး စသည်တို့ဖြင့် ဝေဘန်၍ ထိုမိစ္ဆာအယူရှိသူ တစုံတယောက်မျှ မြတ်စွာဘုရား၏ သဗ္ဗညုတ ဉာဏ်တော်တည်းဟူသော ဒေသနာကွန်ယက်မှ လွတ်ထွက်၍ မသွားနိုင်ကြောင်း ဟောတော်မူသည်။ 

ဘုရားရှင်နှင့် စင်ပြိုင်ဝါဒထူထောင်ခဲ့သော တိတ္ထိဂိုဏ်း ဆရာကြီး ၆-ဦးတို့၏ ဝါဒတို့နှင့် တကွ ရဟန်းဖြစ်ကျိုး အဆင့်ဆင့်တို့ကို ပြဆိုရာ သာမညဖလသုတ်ကိုလည်း ဖတ်ရှုရပေမည်။

ထို့ပြင် ဗြာဟ္မဏဇာတ်သာ အမြင့်မြတ်ဆုံးဟု အယူရှိကြသော ပုဏ္ဏားတို့၏ဝါဒနှင့် ဇာတ်ဝါဒ မှန်သမျှကို သဘာဝကျကျ ရှင်းလင်းချက်များပါသော အမ္ဗဋ္ဌသုတ်နှင့် သောဏဒန္တသုတ် စသည် တို့လည်း ဤပါဠိတော်၌ ပါဝင်ပေသည်။

အထူးအားဖြင့် သတ္တဝါတို့ကို သတ်ဖြတ် ညှဉ်းဆဲ၍ ယဇ်ပွဲကြီးများ ဖန်တီးခဲ့သော ဝါဒကို ချေမှုန်း၍ ယဇ်ဟူသည် လယ်ယာလုပ်ကိုင်သူတို့အား မျိုးရိက္ခာပေးခြင်းစသည်သာ ဖြစ်ကြောင်း ဘုရားရှင်ကိုယ်တိုင် ရှင်းလင်းတင်ပြခဲ့သည့် ကူဋဒန္တသုတ်တော်ကြီးလည်း ဤပါဠိတော်၌ ပါဝင် ပေသည်၊ ဤသုတ်တော်ကြီး၌ တိုင်းပြည်ပြု ပုဂ္ဂိုလ်များ ဖတ်ရှု မှတ်သားဖွယ် အများအပြား ပါဝင်သဖြင့် အမြဲ ခေတ်မှီနေသော သုတ်တော်ကြီးပင် ဖြစ်ပေ၏။

ထိုမှတပါးသီလ သမာဓိ ပညာ စခန်းတို့ကို ခွဲခြမ်း ဝေဘန်ပြရာဖြစ်သော မဟာလိသုတ် စသည်တို့အပြင် နောက်ဆုံး ဤပါဠိတော်၌ပါဝင်သော တေဝိဇ္ဇသုတ်၌ကား ဗေဒသုံးပုံဆောင် ပုဏ္ဏားတို့၏စကားများ အခြေအမြစ် မရှိပုံနှင့် ဗြဟ္မာ့ပြည်သို့ သွားရာ လမ်းကြောင်း အစစ်ကို ဟောကြားတော်မူပုံစသည်တို့ကို စိတ်ဝင်စားဖွယ် ဖတ်ရှုနိုင်ကြပါသည်။

(၂) မဟာဝဂ္ဂ (မြန်မာအခေါ် သုတ်မဟာဝါ) ပါဠိတော်တွင် သုတ်ပေါင်း ၁၁-သုတ်ပါသည့် အနက် ဗုဒ္ဓဘုရား ပရိနိဗ္ဗာန်စံခဏ်းနှင့် ပရိနိဗ္ဗာန်မစံမီ အခြေအနေများ၊ ဗုဒ္ဓခေတ် မဇ္ဈိမဒေသ အခြေအနေများ၊ ယဉ်ကျေးမှုများ၊ လောကီ လောကုတ္တရာ ကြီးပွါးအောင်မြင်ရေးတရားများကို အရှင်းကျကျ ပြဆိုရာ မဟာပရိနိဗ္ဗာနသုတ်တော်ကြီးလည်း ပါဝင်လေသည်။

ထို့ပြင် ဤကျမ်း၌ပင် ဗုဒ္ဓဘာသာလောကတွင် အခြေခံအကျဆုံးဖြစ်သည့် မဟာသတိပဋ္ဌာန် သုတ်တော်(မြန်မာပြန်)ကိုလည်း အပိုအလိုမရှိ တိတိကျကျ ဖတ်ရှုနိုင်ကြပါသည်။

ဤပါဠိတော်လာ မဟာနိဒါနသုတ်တော်ကြီးကား အလွန်တရာ ခက်ခဲ နက်နဲ သိမြင်နိုင်ခဲ့သော ပဋိစ္စသမုပ္ပါဒ်သဘောများကို အကျယ် ဝေဘန် ဟောပြတော်မူရာ သုတ်တော်ကြီးဖြစ်ပေသည်။

ယခုခေတ်တွင် အလွန် ခေတ်စားနေသည့် တမလွန်လောက ရှိ-မရှိဟူသော ပြဿနာအတွက် ဗုဒ္ဓဒေသနာကျမ်းလာ တိုက်ရိုက် အဖြေများကိုလည်း ဤပါဠိတော်ကျမ်း၌ပါရှိသည့် ပါယာသိ သုတ်၌ ဥပမာ အမျိုးမျိုးဖြင့် ဖြေရှင်း ဟောကြားထားသဖြင့် ဖတ်ရှု၍ မငြီးနိုင်အောင် တွေ့ရှိ နိုင်ပေသည်။


( ၃ ) ဒီဃနိကာယ်၏ နောက်ဆုံးကျမ်းဖြစ်သည့် ပါထိကဝဂ္ဂ (မြန်မာအခေါ် သုတ်ပါထေယျ) ပါဠိတော်၌ ကမ္ဘာ ဖြစ်ပုံ ပျက်ပုံ အယူအဆများကို အရင်းကျကျ အကျယ်တဝင့် ပြဆိုထားသော အဂ္ဂညသုတ်ကို ဖတ်ရှု လေ့လာနိုင်ကြပေမည်။

ထို့ပြင် ဗုဒ္ဓမြတ်စွာ၏ ရုပ်ပုံတော်ကို သရုပ်ဖော်၍ပြရာဖြစ်သော မဟာပုရိသလက္ခဏာကျမ်းဟု ခေါ်ဆိုထိုက်သည့် လက္ခဏသုတ်တော်ကြီးကိုလည်း ဤပါဠိတော်၌ပင် ဖတ်ရှုနိုင်ကြပါသည်။ ထို သုတ်တော်တွင် ဘုရားရှင်၏ လက္ခဏာ ၃၂-ပါးအနက် တပါး တပါးလျှင် ( ၁ ) အကြောင်းကံ၊ (၂) ကံ၏အကျိုး၊ (၃) လက္ခဏာ၊ (၄) လက္ခဏာ၏အကျိုး ဟူ၍ လေးမျိုးစီ ပြဆိုထား သဖြင့် ဗုဒ္ဓမြတ်စွာအား ကြည်ညို၍ မဆုံးနိုင်အောင် ဖတ်ရှု တွေ့ရှိရပေမည်။

ဤပါဠိတော်၌ သုတ်ပေါင်း ၁၁-သုတ်ပါရှိပေရာ ပြဆိုခဲ့သည့် အချက်များမှတပါး အခြား မှတ်ဖွယ်များလည်း အပြည့်အနှက် ပါရှိလေသည်။


၂။ မဇ္ဈိမနိကာယ (မဇ္ဈိမနိကာယ်)
ဟူသည်ကား— (ခုဒ္ဒကနိကာယ်ကဲ့သို့လည်း) မကျဉ်းလွန်း မတိုလွန်း, (ဒိဃ နိကာယ်ကဲ့သို့လည်း) မကျယ်လွန်း မရှည်လွန်းဘဲ အလယ်အလတ်ဖြစ်သည့် ဗုဒ္ဓဘုရား၏ စကားတော် (သုတ်တော်)များကို စုပေါင်းထားရာဖြစ်သောကြောင့် မဇ္ဈိမနိကာယ်ဟု ခေါ်ရလေသည်။ (မဇ္ဈိမ = အလယ်အလတ် + နိကာယ  = အစုအပေါင်း)။

ထိုမဇ္ဈိမနိကာယ၌ပါရှိသော သုတ်များကို သုတ်ငါးဆယ်လျှင် တကျမ်းပြုကာ သုံးကျမ်းခဲ့ ထားပြန်လေသည်။ ၎င်းတို့မှာ--

(၁) မူလပဏ္ဏာသ (ရှေးဦးအစဖြစ်သည့် သုတ်ငါးဆယ်ပါသောကျမ်း)

(၂) မဇ္ဈိမပဏ္ဏာသ (အလယ်ဖြစ်သည့် သုတ်ငါးဆယ်ပါသောကျမ်း)

(၃) ဥပရိပဏ္ဏာသ (နောက်ဆုံးသုတ် ၅၂-သုတ်ပါသောကျမ်း) တို့ ဖြစ်ကြလေသည်။

၎င်းတို့ကို ပဏ္ဏာသသုံးကျမ်းဟုလည်း ခေါ်ဝေါ်ကြသည်။ (ပဏ္ဏာသ = ပညာသ = ငါးဆယ်)။

မှတ်ချက်။ ။ဥပရိပဏ္ဏာသ၌ ၅၂-သုတ်မျှရှိသော်လည်း သာမည အပိုအလိုကို ပမာဏမပြု သော နည်းအားဖြင့် ခေါ်ခြင်းမျိုးဖြစ်သည်။

မူလပဏ္ဏာသ၌ အစဦးဖြစ်သည့် မူလပရိယာယသုတ်သည် 'အတ္တ’ ပြုတ်ရေးအတွက် အခြေခံ ပရိယာယ်စုံစွာ တန်းဆာဆင်၍ ဟောထားတော်မူသော သုတ်တော်ဖြစ်လေသည်။ ထို့ကြောင့် လွယ်မယောင်နှင့် များစွာခက်ခဲနက်နဲသည့် သုတ်တော်ဖြစ်လေရာ....ယခုအခါ တိုင်းရင်းမြန်မာ ဘာသာဖြင့် မြန်မာလူမျိုးတိုင်း လွယ်ကူစွာ လေ့လာနိုင်ခွင့် ရကြပေပြီ။

ဤမှတပါး ဤပဏ္ဏာသ ၃-ကျမ်းတို့၌ ဗုဒ္ဓဘာသာလောကတွင် မဖတ်လျှင်မဖြစ် မသိလျှင်မဖြစ် ဟု ဆိုရမည့် သမ္မာဒိဋ္ဌိအလင်း ဉာဏ်ကိုပွင့်စေမည့် သမ္မာဒိဋ္ဌိသုတ်၊ ဝိသုဒ္ဓိ ၇-ပါးကို ရထား ၇-စင်း ဥပမာဖြင့် ပြဆိုရာ ရထဝိနီတသုတ်၊ အနတ္တဝါဒအောင်ပွဲကြီးကို သဘောနှင့်တကွပြဆိုရာ စူဠသစ္စက သုတ်၊ သက္ကာယဒိဋ္ဌိချွတ်ခဏ်း, မဂ်တက်စဉ်လမ်းကို ပြဆိုရာ စူဠဝေဒလ္လသုတ်၊ ဓာတ်ကမ္မဋ္ဌာန်း ကျမ်းဟု ခေါ်ထိုက်သည့် မဟာရာဟုလောဝါဒသုတ်၊ ကမ္မဿကတာဉာဏ် ရင့်သန်စေမည့် စူဠကမ္မ- ဝိဘင်္ဂသုတ်၊ ဒါနအကျိုး အမျိုးမျိုးကို ခွဲခြမ်းပြဆိုရာ ဒက္ခိဏာဝိဘင်္ဂသုတ်စသော သုတ်များ ပါရှိ လေသည်။

ဤမဇ္ဈိမနိကာယ် ၃-ကျမ်းလာ ၁၅၂-သုတ်တို့ကား ဒီဃနိကာယ်လာသုံးဖြာသော သီလတို့နှင့် တန်းဆာဆင်အပ်ပြီး၍ သီလသမ္ပဒါဂုဏ်နှင့် ပြည့်စုံတော်မူကြသည့် အရိယာသာဝကတို့သည် ဤမည် ဤမည်သော နည်းလမ်းဥပါယ်ဖြင့် သမာဓိသိက္ခာ, သမာဓိဘာဝနာကို ကျင့်ဖြည့်နိုင်ကြစေရန် မျှော်ကိုး၍ ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့သည့် သုတ်တော်များချည်း ဖြစ်ပေသဖြင့် ဗုဒ္ဓသာသနာတွင် အထူးပင် အရေးပါသော တရားများပင် ဖြစ်ပေသည်။


၃။ သံယုတ္တနိကာယ (သံယုတ္တနိကာယ်)
ဤနိကာယ်၌ ဗုဒ္ဓဘုရား ဟောကြားတော်မူခဲ့သမျှ စကားတော်များမှ ပုဂ္ဂိုလ်အားဖြင့်၎င်း တရားအားဖြင့်၎င်း သဘောအားဖြင့်၎င်း တူသောသုတ်တို့ကို သံဂါယနာတင်ဆရာတို့က ပူးပေါင်း ဖော်ပြတော်မူခဲ့ကြလေသည်။

နတ်တို့အား ဟောကြားတော်မူသည့် သုတ်တော်များ ပူးပေါင်းထားသည်ကိုဒေဝတာသံယုတ်။
ကောသလမင်းနှင့် စပ်လျဉ်း၍ ဟောကြားရာ သုတ်တော်များ ပူးပေါင်းထားသည်ကို ကောသလသံယုတ်။
မာရ်နတ်နှင့်စပ်လျဉ်း၍ ဟောကြားတော်မူရာ သုတ်တော်များ ပူးပေါင်းထားသည်ကို မာရသံယုတ်။
အကြောင်း (နိဒါန်း)နှင့် အကျိုးဆက်စပ်ပုံ သဘောများ (ဝါ-ပဋိစ္စသမုပ္ပါဒ်သဘောများ)ကို ပြဆိုသည့်သုတ်များ ပူးပေါင်းထားသည်ကို နိဒါန(ဝဂ္ဂ)သံယုတ်။
ခန္ဓာငါးပါးနှင့် စပ်လျဉ်း၍ ဟောကြားတော်မူရာ သုတ်တော်များ ပူးပေါင်းထားသည်ကို ခန္ဓဝဂ္ဂသံယုတ်။
အဇ္ဈတ္တိကာယတန ၆-ပါး ဗာဟိရာယတန ၆-ပါးတို့နှင့် စပ်လျဉ်း၍ ဟောကြားတော်မူသည့် သုတ်တော်များ ပူးပေါင်းထားသည်ကို သဠာယတနဝဂ္ဂသံယုတ်။
မဂ္ဂသံယုတ် ဗောဇ္ဈင်္ဂသံယုတ် စသော တရားသဘောများကို အရင်းပြုပူးပေါင်းထားရာ သုတ်တော်များကို မဟာဝဂ္ဂသံယုတ်
ဟု အသီးသီးခေါ်ဝေါ်လေသည်။ အချုပ်အားဖြင့် သံယုတ် ငါးကျမ်းရှိလေသည်။ ၎င်းတို့မှာ..

(၁) သဂါထာဝဂ္ဂသံယုတ်

(၂) နိဒါနဝဂ္ဂသံယုတ်

(၃) ခန္ဓဝဂ္ဂသံယုတ်

(၄) သဠာယတနဝဂ္ဂသံယုတ်

(၅) မဟာဝဂ္ဂသံယုတ် များဖြစ်ကြပေသည်။

ဤသံယုတ်ငါးကျမ်း၌ သုတ်ပေါင်း ၇၇၆၂-သုတ်မှ ပါရှိလေသည်။

ဗုဒ္ဓတရားတော်များကို ကြည့်ရှုရာ၌ ဤသံယုတ္တနိကာယ်မှာ တရားအဘိဓာန်ကြီးသဖွယ် ဖြစ်သဖြင့် အလွန်ကျေနပ်အားရဖွယ်ကောင်းလေသည်၊ သဂါထာဝဂ္ဂသံယုတ်မှာ နီတိဂါထာများ သဖွယ် လွယ်ကူသောတရားဂါထာများကို စုပေါင်းမှတ်တမ်းတင်ထားသဖြင့် နက်နဲသောတရား သဘောများကို သိလွယ်အောင် တင်ပြထားသည်ကို တွေ့ရ၏၊ ထိုနည်းတူစွာ နိဒါနဝဂ္ဂသံယုတ် ခန္ဓဝဂ္ဂသံယုတ် စသည်ဖြင့် ဆိုင်ရာဆိုင်ရာ တရားသဘောများကို ဆိုင်ရာခေါင်းစဉ်အောက်တွင် အလွယ်တကူ ကြည့်နိုင်သဖြင့် ကြည့်ရှု၍လည်း လွယ်ကူလှပေသည်။


၄။ အင်္ဂုတ္တရနိကာယ
၁-ပါးကစ၍ ၁၁-ပါးအထိ အင်္ဂါတခုစီ ကျော်လွန်ပိုမိုဖော်ပြထားရာ ဗုဒ္ဓဘုရား၏ စကားတော် ပေါင်း ၁၁-မျိုး(၁၁-ကျမ်း)တို့ကို အင်္ဂုတ္တရနိကာယဟု ခေါ်ဝေါ်လေသည်။

ဗုဒ္ဓဘာသာဆိုင်ရာ ရှေးခေတ်စွယ်စုံကျမ်းဟု ခေါ်နိုင်ပေသည်။

(၁) အင်္ဂုတ္တိုရ် ၁၁-ကျမ်းအနက် ဧကကနိပါတ်မှ စတုက္ကနိပါတ်အထိ လေးကျမ်းကို တအုပ်။

(၂) ပဉ္စကမှ သတ္တကအထိ သုံးကျမ်းကို တအုပ်။

(၃) အဋ္ဌကနိပါတ်မှ ဧကာဒသကနိပါတ်အထိ လေးကျမ်းကို တအုပ်အားဖြင့် သုံးအုပ်ခွဲ၍ ရိုက်နှိပ်ထားပါသည်။

ထိုအင်္ဂုတ္တိုရ် ၁၀-ကျမ်း၌ သုတ်ပေါင်း ၉၅၅၇-သုတ်မျှ ပါရှိလေသည်။

အင်္ဂုတ္တိုရ်ကျမ်းကြီးသည် ဗဟုဿုတ ပဒေသာပင်ကြီးဖြစ်သည်၊ တနည်းအားဖြင့်ဆိုရလျှင် မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ပင်ဖြစ်သည်။ မိမိ၏ရည်ရွယ်ချက် အောင်မြင်သည့်နည်းလမ်း များ၊ ဘေးဥပဒ်ဟူသမျှကို ရင်ဆိုင်ဝံ့သည့် သတ္တိနှင့်ပြည့်စုံသည့် နည်းလမ်းများ၊ ကြောက်စိတ် လန့်စိတ်တို့ ပပျောက်စေသည့်နည်းလမ်းများ၊ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသည့်နည်းလမ်းများ၊ ပညာရှိဖြစ်သည့်နည်းလမ်းများ၊ ဂုဏ်သတင်းကျော်ကြားသည့် နည်းလမ်းများ၊ လောကဓံ လေ လှိုင်းဒဏ်တို့ကို သည်းခံနိုင်သည့် နည်းလမ်းများစသည့် မျက်မှောက်အကျိုး တမလွန်အကျိုးရရှိ မည့်နည်းလမ်းတို့ကို ဖတ်ရှုနိုင်သည်။

ထို့ပြင် ဗုဒ္ဓမြတ်စွာသည် လေးဆယ့်ငါးဝါကာလပတ်လုံး တရားတော်များကို ဟောတော်မူခဲ့ ရာ၌ သရုပ်သဘောဖြင့် ဟောတော်မူခဲ့သမျှ တရားဓမ္မတော်များကို သရုပ်အစဉ်အတိုင်း စုပေါင်း ဖော်ပြထားသဖြင့် ဗုဒ္ဓဝါဒသရုပ်ပြဒေသနာကျမ်းတော်ကြီးလည်း ဖြစ်ပေသည်၊ ထို့ကြောင့် ဗုဒ္ဓဝါဒ သရုပ်ပြဒေသနာများကို လေ့လာလိုကြသူတိုင်း ဤအင်္ဂုတ္ထိုရ်ကျမ်းကြီးများကို လက်မလွှတ်သင့်ဟု ဆိုရပေတော့မည်။


၅။ ခုဒ္ဒကနိကာယ (ခုဒ္ဒကနိကာယ်)
ကျမ်းအရေအတွက်အများဆုံးနှင့် ... တရားသဘောအစုံဆုံးပါရှိသော နိကာယ်မှာ ခုဒ္ဒကနိကာယ်ပင် ဖြစ်၏။

ယင်းခုဒ္ဒကနိကာယ၌ သင်ရိုးပိဋကတ် ၃-ပုံအနက် ဝိနယပိဋကနှင့် အဘိဓမ္မပိဋကဟူသော သင် ရိုးပိဋက ၂-ပုံပါဝင်လေသည်။ (၎င်းပိဋက ၂-ပုံတွင် ဒီဃနိကာယ် ၃-ကျမ်းဟူသော သုတ္တန္တ ပိဋကကိုထည့်၍ သင်ရိုးပိဋကတ် ၃-ပုံဟု ခေါ်လေ့ရှိကြသည်) ။

ခုဒ္ဒကနိကာယ်ကိုပင် အမှတ်လွယ်စေရန် (က) ဝိနယပိဋက (ခ) အဘိဓမ္မပိဋက (ဂ)သုတ္တန္တ ပိဋကဟူ၍ ၃-မျိုးခွဲနိုင်ပေသေးသည်။

(က) ခုဒ္ဒကနိကာယ-၀ိနယပိဋက ၌

(၁) ပါရာဇိက = ပါရာဇိကကဏ္ဍ = ပါရာဇိကဏ်

(၂) ပါစိတ္တိယ = ပါစိတ်

(၃) မဟာဝဂ္ဂ = ဝိနည်းမဟာဝါ

(၄) စူဠဝဂ္ဂ = စူဠဝါ

(၅) ပရိဝါရ = ပရိဝါဟူ၍ ငါးကျမ်းရှိလေသည်။

ဤကျမ်းများကို ဝိနည်းငါးကျမ်းဟု ခေါ်လေ့ရှိကြလေသည်။ ဤဝိနည်းငါးကျမ်းလုံးကို မြန်မာပြန်ဆိုရိုက်နှိပ်ပြီးပြီဖြစ်၍ ရဟန်းကျင့်ထုံးဟူသော ဝိနည်းများကိုသာမက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို လေ့လာလိုသူများအဖို့ ဖတ်ရှုသင့်လှပေသည်။


(ခ) ခုဒ္ဒကနိကာယ-အဘိဓမ္မပိဋက ၌

(၁) ဓမ္မသင်္ဂဏီ

(၂) ဝိဘင်္ဂ=ဝိဘင်း

(၃) ဓာတုကထာ

(၄) ပုဂ္ဂလပညတ္တိပုဂ္ဂလပညတ်

(၅) ကထာဝတ္ထု

(၆) ယမက = ယမိုက်

(၇) ပဋ္ဌာန = ပဋ္ဌာန်း

ဟူသော ခုနစ်ကျမ်းပါရှိလေသည်။ အဘိဓမ္မာ ၇-ကျမ်း ဟု ခေါ်လေ့ရှိကြသည်။

ထိုအဘိဓမ္မာ ၇-ကျမ်းအနက် (၁) ဓမ္မသင်္ဂဏီ (၄) ပုဂ္ဂလပညတ် (၅) ကထာဝတ္ထုမြန်မာပြန် များကိုရိုက်နှိပ်ပြီးပြီဖြစ်၏။

ဓမ္မသင်္ဂဏီတွင် အဘိဓမ္မာသဘာဝများကို အခြေခံမာတိကာများနှင့်တကူ ဖတ်ရှုကြရပေမည်။ ပုဂ္ဂလပညတ်တွင် ပုဂ္ဂိုလ်အမျိုးမျိုးခွဲဝေထားပုံများကို၎င်း ကထာဝတ္ထုတွင် အသောကခေတ်အထိ ဖြစ်ပွါးခဲ့သည့် ဗုဒ္ဓဝါဒအစစ် (သကဝါဒ) ငါးရာနှင့် ဗုဒ္ဓဝါဒအတု (ပရဝါဒ) ငါးရာတို့အတွက် ရှင်းလင်းချက်များကို ဖတ်ရှုရပေမည်။


(ဂ) ခုဒ္ဒကနိကာယ-သုတ္တန္တပိဋက ၌

(၁) ခုဒ္ဒကပါဌ

(၂) ဓမ္မပဒ

(၃) ဥဒါန=ဥဒါန်း

(၄) ဣတိဝုတ္တက=ဣတိဝုတ်

(၅) သုတ္တနိပါတ=သုတ္တနိပါတ်

(၆) ဝိမာနဝတ္ထု

(၇) ပေတဝတ္ထု

(ဂ) ထေရဂါထာ

(၉) ထေရီဂါထာ

(၁၀) အပဒါန=အပဒါန်

(၁၁) ဗုဒ္ဓဝံသ-ဗုဒ္ဓဝင်

(၁၂) စရိယာပိဋက

(၁၃) ဇာတက = ငါးရာ့ငါးဆယ်ဇာတ်

(၁၄) မဟာနိဒ္ဒေသ - စူဠနိဒ္ဒေသ

(၁၅) ပဋိသမ္ဘိဒါမဂ္ဂ = ပဋိသမ္ဘိဒါမဂ်

(၁၆) မိလိန္ဒပဉှာ

(၁၇) နေတ္တိ

(၁ဂ) ပေဋကောပဒေသကျမ်းများ ပါဝင်ကြပေသည်။

ထိုကျမ်းတို့တွင် ခုဒ္ဒကပါဌပါဠိတော်မှာ ဗုဒ္ဓဘာသာပါဠိတော်ဖတ်စာ ဟု ဆိုရလောက်အောင်ပင် သူငယ်အမေးအဖြေ, ၃၂-ကောဋ္ဌာသ, သရဏဂုံယူပုံ စသည်တို့မှ စတင်၍ ဖော်ပြထားသောကျမ်း ဖြစ်လေသည်။

အကြောင်းအားလျော်စွာ ဆိုင်ရာပုဂ္ဂိုလ်တို့ကို ဟောကြားရာ တရားဂါထာ ပေါင်းချုပ်ဖြစ် သော ဓမ္မပဒပါဠိတော်, ဥဒါန်းပါဠိတော်, 'ဗုဒ္ဓဘုရား ဤသို့ဟောကြားတော်မူသည်' ဟုစကားပြေ အခြေခံနှင့်တကွ ဂါထာများကို ပြဆိုရာ ဣတိဝုတ် ပါဠိတော်တို့မှာလည်း တိုတိုနှင့် အဆီအနှစ် ပြည့်စုံလှသော ကျမ်းများဖြစ်လေသည်။

သုတ္တနိပါတ်ပါဠိတော်၌ ပစ္စေကဗုဒ္ဓါတို့ ဟောကြားတော်မူခဲ့သော ကြံ့ချိုပမာကျင့်စရာ တရား ပေါင်းချုပ်သဖွယ် ခဂ္ဂဝိသာဏသုတ်မှစ၍ အရေးပါသောသုတ်များပါသော ကျမ်းဖြစ်သည်။

တရားတို ဝတ္ထုကြောင်းနှင့်တကွ လေ့လာဖတ်ရှုလိုသူများ အဖို့ မည်သူသည် မည်သို့နတ်စည်းစိမ် ခံစားရပုံစသည်ကို ပြဆိုရာ ဝိမာနဝတ္ထုပါဠိတော်၊ မည်သူသည် မည်သို့ပြိတ္တာဖြစ်ပုံ ကျွတ်လွတ်ပုံ စသည်တို့ကို ပြဆိုရာ ပေတဝတ္ထုပါဠိတော်၊ ရဟန္တာအရှင်များနှင့် အရှင်မများကိုယ်တိုင် မိမိ အတ္ထုပ္ပတ်များကို ပြန်လည် ဟောကြားရာ ထေရထေရီဂါထာပါဠိတော်များ၊ ဗုဒ္ဓအပဒါန်နှင့်တကွ ရဟန္တာ အရှင် အရှင်မတို့၏ အတ္ထုပ္ပတ်များကို ပြဆိုရာ အပဒါန်ဝတ္ထုတော်ကြီးများကို ဖတ်ရှု မှတ်သားထိုက်လှပေသည်။


နိကာယ်-၅ ရပ် မြန်မာပြန်များ ထွက်ပေါ်လာခြင်း

ဖော်ပြပါ အကြောင်းအချက်များကား ဘုရားရှင်၏ တရားတော်များနှင့် အချို့ သော သာဝကဘာသိတ ဒေသနာများကို အပေါင်းအစု ငါးမျိုးဖြင့် ဝေဘန်ထားရာ ဗုဒ္ဓစာပေများအကြောင်း ကို ရိပ်မိနိုင်ရန် အကျဉ်းတင်ပြထားချက်များပင်ဖြစ်ပေသည်၊ ထိုနိကာယ် ငါးရပ်ဟူသော ဗုဒ္ဓစာ ပေများမှာ ယခင်က ပါဠိဘာသာဖြင့်သာတည်ရှိသဖြင့် မြန်မာစာသက်သက်သာတတ်ကျွမ်းကြသူ တို့အဖို့ သိရှိသက်ဝင်နိုင်ရန် ခဲယဉ်းခဲ့ကြပေ၏။ ပါဠိတော်နိဿယများနှင့် အချို့ မြန်မာပြန်များရှိ ကြသော်လည်းပါဠိ စကားများစွာပါဝင်ခြင်း, အသုံးအနှုန်းခက်ခဲခြင်း မပြည့်စုံမလုံလောက်ခြင်း စသည့်အကြောင်းများကြောင့် သက်ဝင်နားလည်နိုင်သူ လွန်စွာနည်းပါးခဲ့ကြ၏၊ ထိုအခက်အခဲ များကို ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ ဗုဒ္ဓသာသနာအဖွဲ့ကြီးက...

(၁) ပါဠိတော်၏ သဘောအဓိပ္ပါယ်ကို ထိရောက်စေခြင်း

(၂) မြန်မာ စာသွားဖြင့် နီးကပ်နိုင်သမျှ နီးကပ်စေခြင်း 

(၃) ဝေါဟာရကျဉ်း၍ အဓိပ္ပါယ်ပေါ်လွင်စေခြင်း

(၄) စကားအသုံးအနှုန်း ထယ်ဝါညားစေခြင်းဟူသော 

အချက်လေးချက်ကို လေးလေး နက်နက် အဓိကထား၍ ပြန်ဆိုသုတ်သင် အဆင့်ဆင့် ပြင်ဆင်ခဲ့ကြပြီးလျှင် - 

(၁) အသိလွယ်ကူခြင်း

(၂) အများသုံးဖြစ်ခြင်း

(၃) အသင့်လျော်ဆုံးဖြစ်ခြင်း

ဟူသော မှတ်ကျောက်သုံးခုတို့ဖြင့် စေ့စေ့ငုငု ကြည့်ရှုတည်းဖြတ်၍ ဖော်ပြပါ နိကာယ်ငါးရပ် ပါဠိတော်မြန်မာပြန်များကို ပုံနှိပ်ထုတ်ဝေခဲ့ပေရာ ယခုအခါ ပါဠိတော်မြန်မာပြန် အုပ်ရေ(၂၇) အုပ်မျှ ပြီးစီးဖြန့်ချိနိုင်ခဲ့ပြီဖြစ်ပေသည်။


ကျမ်းဦးမှတ်ဖွယ်များ
ထိုပိဋကပါဠိတော် မြန်မာပြန်များတွင် အချို့သော မြန်မာပြန်များတွင် ကျမ်း စာကိုယ်၌ပါဝင်သော တရားတော် သဘောအဓိပ္ပါယ်များကို ကြိုတင်၍ အရသာသိရှိထားနှင့်ရန်နှင့် သဒ္ဓါတရား ပွားများ၍ လေးလေးစားစား ဖတ်ရှုလိုစိတ် တိုးပွါးလာရန်အတွက် ကျမ်းဦးမှတ်ဖွယ်(နိဒါန်းသွယ်) များကို ဩသာနသောဓက(=နောက်ဆုံးသုတ်သင်သော) ဆရာတော်များအဖွဲ့က ရေးသားပေး သဖြင့် ပုံနှိပ်ထည့်သွင်းခဲ့ပေသည်၊ (နောက်တွင် ကျမ်းစာအုပ်တိုင်း ကျမ်းဦးမှတ်ဖွယ်ပါရန် ကြိုးစား နေပြီဖြစ်၏)၊ ထိုကျမ်းဦးမှတ်ဖွယ်များမှာ အထူးမှတ်သားဖွယ်ရာကောင်းလှသည့်ပြင် သက်ဆိုင်ရာ ကျမ်းစာ၏ စာကိုယ် တရားသဘောများကို ပေါ်လွင်ထင်ရှားလာအောင် မြှင့်တင်ပေးသဖြင့် ပြည်ဘန်ပတ္တမြား၏အရောင်ကို ပြောင်သည်ထက် ပြောင်စေသော - ကလပ်သဖွယ် ဖြစ်နေပေသည်၊ ထို့ပြင် ဓာတ်မီးရောင်ကို ပြောင်ပြောင်ဝင်းဝင်း လင်းသည်ထက် လင်းစေသော တိုင်မြင့် သဖွယ်လည်း ဖြစ်ပေသေးသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ပါဠိတော်မြန်မာပြန်များကို မဖတ်ရှုရသေးသောပုဂ္ဂိုလ်တို့အား ထိုမြန်မာပြန်များ၏ ဓမ္မအရသာကို ရိပ်စားမိစေရန်အတွက် အချို့သော ပါဠိတော်မြန်မာပြန် ကျမ်းများမှ ကျမ်းဦးမှတ်ဖွယ်တို့ကို ထုတ်နုတ်၍ စာအုပ်ငယ်တအုပ်ပြုလုပ်ကာ - 

(၁) ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် ကျမ်းဦးမှတ်ဖွယ်

(၂) ဝိမာနဝတ္ထု ပေတဝတ္ထုပါဠိတော်မြန်မာပြန် ကျမ်းဦးမှတ်ဖွယ်

(၃) ထေရဂါထာ ထေရီဂါထာပါဠိတော်မြန်မာပြန် ကျမ်းဦးမှတ်ဖွယ်

(၄) ထေရာပဒါန်ပါဠိတော်မြန်မာပြန်(ပဌမတွဲ) ကျမ်းဦးမှတ်ဖွယ်နှင့်

(၅) ထေရာပဒါန်ပါဠိတော်မြန်မာပြန်(ဒုတိယတွဲ) ကျမ်းဦးမှတ်ဖွယ် 

ဤကျမ်းဦးမှတ်ဖွယ် ၅-ခုကို ထုတ်ဝေဖြန့်ချိလိုက်ပေသည်။

ဤကျမ်းဦးမှတ်ဖွယ်ရာတမ်းကို ဖတ်ရှုရသော ပုဂ္ဂိုလ်တို့သည် မြားမြောင်ယူဇနာ ကျယ်ပြော စွာသော မဟာသမုဒ္ဒရာကြီးကို မြင်တွေ့ရသူအဖို့ ယင်းမဟာသမုဒ္ဒရာကြီး၏ကမ်းစပ်မှ ရေအနည်း ငယ်မျှကို ခပ်ယူသောက်သုံး၍ ငန်သောအရသာရှိသည်ဟု သိရလျှင်ပင် ကျယ်ပြောစွာသော မဟာသမုဒ္ဒရာကြီးတခုလုံး၏အရသာသည် ငန်သောအရသာ ရှိပေသည်တကားဟု အမှန်အတိုင်း သိနိုင်ဘိသကဲ့သို့ နိကာယ်ငါးရပ်မှ များမြတ်သော ပိဋကအရသာတို့ကို ပညာဉာဏ်ဖြင့် ဆင်ခြင် နှိုင်းညှိ၍ သိရှိနိုင်ကြမည်ဖြစ်ပေရာ ဤကျမ်းဦးမှတ်ဖွယ်စာစောင်ကို လေးလေးမြတ်မြတ် ဖတ်ရှု ကြလိမ့်မည်ဟု မြော်လင့်ပါသတည်း။


ပိဋကတ်တော် မြန်မာပြန်များနှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်
ပိဋကတ်တော် မြန်မာပြန်များနှင့် စပ်လျဉ်း၍ အောက်ပါသိမှတ်ဖွယ် အချက်အနည်းငယ်မျှကို တင်ပြအပ်ပါသည်

(၁) ရှေးက ပါဠိဘာသာကို ကောင်းစွာ တတ်ကျွမ်းသည့် ပုဂ္ဂိုလ်များသာလျင် ပိဋကတ် သုံးပုံ ၅၂-ကျမ်းလုံးကို ဖတ်ရှုနားလည်နိုင်ခွင့် ရှိခဲ့သည်။

(၂) ပါဠိ တတ်ကျွမ်းသည့် ပုဂ္ဂိုလ်များအနက်လည်း ပိဋကတ်သုံးပုံ ၅၂-ကျမ်းလုံးကို မွှေနှောက် ပြီးလျှင့် ဖတ်ရှုတတ်ကျွမ်းသည့် ပုဂ္ဂိုလ်များကား တကယ့်အာဇာနည် သံဃာတော် ဆရာတော်များသာ ဖြစ်ကြသည်။

(၃) ရှေးမြန်မာဘုရင် အဆက်ဆက်မှစ၍ ရာဇဝင်တလျှောက်လုံးတွင် ခေတ်တိုင်း ခေတ်တိုင်း ၌ ပိဋကတ်သုံးပုံ ပါဠိတော် ၅၂•ကျမ်းလုံးကို တတ်ကျွမ်းနားလည်သည့် ပုဂ္ဂိုလ်တို့ အရေအတွက်မှာ အများဆုံး တသောင်းခန့်မျှလောက်သာ ရှိပေမည်။

(၄) ယခုအခါမူကား ပါဠိဘာသာဖြင့် ဟောကြားရေးသားထားသည့် မြတ်ဗုဒ္ဓရှင်တော် ဘုရား၏ တရားတော် ၅၂.ကျမ်းကို မြန်မာဘာသာဖြင့် ပြန်ဆိုရေးသားထားပြီဖြစ်သ ဖြင့် မြန်မာစာကို ဖတ်တတ်ရုံမျှနှင့်ပင် ပိဋကတ်ပင်လယ်ကြီးကို တွင်ကျယ်စွာ ဖြတ်သန်း ကူးခတ်နိုင်ပေပြီ။

(၅) ထို့ကြောင့် ရှေးယခင်အထက်ကျော် ခေတ်အခါက ပညာရှိ တသောင်းခန့်မျှသာ သိထိုက် သိခွင့်ရခဲ့သော ပိဋကတ်တော် ၅၂-ကျမ်းကို ယခုအခါ၌ မြန်မာတိုင်းဘွား ၂၃-သန်းသော ရှင်လူအများအားလုံးပင် ဖတ်ရှုနိုင်ခွင့် ရပေပြီ။ အဘိုး အတိုင်းမသိ ထိုက်တန်သော အခွင့်အရေးကြီးကို သုတေသီသူတော်ကောင်း တိုင်း အရယူအပ်လှပါသည်။

(၆) မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၏ ဗုဒ္ဓသာသနာအဖွဲ့ကြီးသည် ဤမျှမြင့်မြတ်လှသည့် အခွင့်အရေးကြီးကို ပြည်သူလူထုအား ဆန့်သောလက် ဖြန့်သောလက်ဖြင့် ကမ်းလှမ်း ပေးနေပါပြီ။ ခြင်္သေ ့ဆီသည် သိင်္ဂီရွှေခွက်မှာသာ တည်သကဲ့သို့ ဗုဒ္ဓရှင်တော်ဘုရား၏ တရားတော်ခြင်္သေ ့ဆီသည် မြန်မာပြည်ထောင်စုသား သူတော်ကောင်းအားလုံးတို့၏ နှလုံးသားတည်းဟူသော သိင်္ဂိရွှေခွက်၌ တည်နိုင်ခွင့် ရှိပေပြီ။

(၇) ပိဋကတ်ပါဠိတော် မြန်မာပြန်များကို ဖတ်ရှုခြင်းအားဖြင့် မျက်မှောက်ချမ်းသာအကျိုး ထူးများကို အကယ်ပင် ရရှိကြမည်။

(ဂ) မြန်မာပြန်ပိဋကတ်များကို ဖတ်ရှုခြင်းအားဖြင့်

(က) ပေါ်လွင်ရှင်းလင်းစွာ မြန်မာဘာသာ ပြန်ဆိုထားသဖြင့် မြန်မာစာ အရေး အသား ဗဟုသုတ ကြွယ်ဝနိုင်စေခြင်း။

(ခ) မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ မူရင်း ဟောကြားချက်များသည် လူတန်းစားအားလုံး အတွက် အလွယ်တကူ သိနားလည်စေရန် တန်းဆာဆင်ကာ ဟောကြားထား သဖြင့် မြန်မာပြန်ဆိုရာ၌လည်း မူရင်း၏အတိုင်း စကားတန်းဆာများ ခြယ်လှယ် ပြန်ဆိုထားရာ ဖတ်ရှုသူတို့အတွက် ဥပမာ - ဥပစာစသည့် စကားတန်းဆာ အလင်္ကာ ဗဟုသုတကြွယ်ဝနိုင်စေခြင်း။

(ဂ) မြန်မာ့ယဉ်ကျေးမှုသည် မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်၌ အခြေတည်သည်ကို သိရှိနားလည်ရခြင်း။

(ဃ) ကမ္ဘာ့လူမျိုး လူတန်းစားအားလုံး၏ လူ ့လောက လူ အစည်းအရုံး လူ ရိပ်မြုံ လူ့ ဖွဲ့ လူ ကြီးကို သာယာကြည်နူးဘွယ်ရာ လောကနိဗ္ဗာန်ဖြစ်အောင် မြတ်ဗုဒ္ဓရှင်တော် ဘုရား၏ ဒေသနာတော်သည် မချွတ်မယွင်း ဖန်တီးနိုင်မည်ဟူသော ယုံကြည်မှု ခိုင်မြဲလာခြင်း။

(င) လူ့ သဘာဝစရိုက်ဆိုးများ ပပျောက်စေ၍ လူ့သဘာဝ စရိုက်ကောင်းများကို ဖော်ဆောင်နိုင်ခြင်း။

(စ) သဘာဝအဘိဓမ္မာဗဟုသုတများကို ရှင်းလင်းတိကျစွာ နားလည်နိုင်ခြင်း။

(ဆ) မျက်မှောက်လောကအခြေအနေနှင့် လိုက်လျောစွာ ကျင့်သုံးနိုင်သည့် အရည် အချင်းနှင့် ပြည့်စုံစေခြင်း။

(ဇ) အထွေထွေဗဟုသုတအမျိုးမျိုးကို ရရှိနိုင်ခြင်းစသည့် အကျိုးထူးများကို ခံစား ရမည့်ပြင် —

(၉) လောကုတ္တရာအကျိုးထူးများကိုလည်း ရရှိခံစားကြရမည်မှာ ဧကန်မလွဲ ဖြစ်ပါသည်။


ပါဠိတော် မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ ပြီးပြီ။