
ဝိပဿနာဉာဏ်စဉ်အဆင့်ဆင့်မြင့်လာပုံများနှင့်
လောကီလောကုတ္တရာသိမှတ်ဖွယ်ရာတို့ကို
ပိဋကတ်တော်နှင့်အညီဥပမာအလင်္ကာတန်ဆာဆင်ဖွင့်ဆိုထားသော
မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန် အမေးအဖြေ
[သင်္ဂါယနာတင် ဂန္ဓ ဝင်ကျမ်းစာ ]
မာဏဝ ပြုစုသည်
နှလုံးလှစာတည်းအဖွဲ့က စီစဉ်တည်းဖြတ်သည်
ပဉ္စမအကြိမ်
လူသားတို့သည် ထူးထူးဆန်းဆန်း ထူးထူးခြားခြားကို စိတ် “ဝင်စားကြ၏။ ကြည့်ချင် သိချင်ကြ၏။ လောက၏ ဖြစ်မြဲ သဘာဝ နိယာမသဘောပင် ဖြစ်သည်။
ကမ္ဘာ့လူသားပေါင်းများစွာတို့သည် မိလိန္ဒပဉှာကို စိတ်ဝင်စားခဲ့ ကြသည်မှာ ခေတ် အဆက်ဆက်မှသည် ယနေ့တိုင်အောင် ဖြစ်၏။ ယင်းသို့ ဖြစ်ရခြင်းမှာ-
“မျက်ရည်သည် ဆေးဖက်ဝင်သလား၊ ပညာသည် ဘယ်နေရာ ၌ တည်သနည်း၊ နိဗ္ဗာန်သည် ဘယ်အရပ်မှာ ရှိသနည်း၊ ဘုရားနှင့် သံဃာ မည်သူက မြတ်သနည်း၊ ရဟန်းနှင့် လူ မည်သူက မြတ်သနည်း၊ ကမ္ဘာမြေကြီးသည် ရေပေါ်၌ မည်သို့ တည်နေနိုင်သနည်း၊ ငရဲသားသည် ငရဲမီးထဲ၌ အဘယ့်ကြောင့် လောင်ကျွမ်း မသွားသနည်း”
စသော ပြဿနာတို့ကို မိလိန္ဒ မင်းကြီး မေး၍ အရှင်နာဂသိန်မထေရ် ရှင်းလင်း ဖြေကြား လေသည်။
ထို အမေးနှင့် အဖြေတို့သည်ပင်လျှင်လူသားတို့ စိတ်ဝင်စားဖွယ် သိမှတ်ဖွယ် ဖြစ်ပါကြောင်း။
"အကျွန်ုပ်သည် အရှင်ဘုရားအား ညှဉ်းဆဲလို၍
ပြဿနာ မေးလျှောက်ခြင်း မဟုတ်ပါ။
ယုံမှားသံသယ ကင်းငြိမ်းလို၍
သာလျှင် မေးလျှောက်ပါသည်။
ဤလောက၌ ဉာဏ်ပညာ ကင်းမဲ့ပြီး
လမ်းမှားသို့ လိုက်သူတို့သည် များပြားလှပါ၏။
ထိုသူတို့သည် အဘယ့်ကြောင့်
အခွင့်မရဘဲ ရှိကုန်အံ့နည်းဟု
နှလုံးသွင်း၍သာလျှင်
အရှင်ဘုရားအား ပြဿနာကို မေးလျှောက်ပါသည်။"
(မိလိန္ဒပဉှာ၊ ဝေဿန္တရဝဂ်၊ ပုဗ္ဗ ပေတာဒိသ ပဥှာ)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
မိလိန္ဒပဉှာ နိဒါန်း
မိလိန္ဒပဉှာသည် ဘုရားဟော မဟုတ်သော်လည်း မိလိန္ဒပဉှာပါဠိတော် အမည်ဖြင့် ပါဠိပိက စာရင်းဝင် ဖြစ်နေပေသည်။ ယင်းကိုထောက်လျက် မိလိန္ဒပဉှာသည် ပိဋကစာပေ၌ မည်မျှ အရေးပါသည့်နေရာကို ရရှိနေသည်ဆိုသည့်အချက်ကို သိရှိနိုင်ပေသည်။ အရှင်မဟာ ဗုဒ္ဓဃောသ၏ အဋ္ဌကထာကျမ်းများမပေါ်မီ ပိဋကတ်သုံးပုံကို အခြေခံလျက် ရေးသားပြုစုခဲ့ကြသည့် ကျမ်းများ အနက် နေတ္တိပကရဏ ပေဋကောပဒေသ၊ မိလိန္ဒပဉှာ၊ ဝိသုဒ္ဓိမဂ္ဂတို့သည် အထူး အရေးပါသော ကျမ်းများ ဖြစ်ကြသည်။ ယင်းတို့အနက် မိလိန္ဒပဉှာနှင့် ဝိသုဒ္ဓိမဂ္ဂတို့သည် ထေရဝါဒ အစဉ်အလာ အဘိဓမ္မာရေးရာ အယူအဆများနှင့် ပတ်သက်၍ ပိုပြီး အရေးပါသော ကျမ်းများ ဖြစ်ကြပေသည်။
အဋ္ဌကထာဆရာ ရှင်မဟာ ဗုဒ္ဓဃောသသည် သူ၏ အဋ္ဌကထာကျမ်းများ၌ မိလိန္ဒပဉှာကို ဘုရားဟော ပိဋကကဲ့သို့ပင် တလေးတစား ကိုးကား ဖော်ပြထားသည်ကို တွေ့ ရပေသည်။ အဋ္ဌသာလိနီကျမ်း၌ ရှင်ဗုဒ္ဓဃောသသည် အာယသ္မာ နာဂသေန၊ နာဂသေနထေရ၊ အာယသ္မာ နာဂသေန ထေရ စသည်ဖြင့် မိလိန္ဒပဉှာ ကျမ်းပြုဆရာကို မကြာခဏ ထုတ်ဖော်ညွှန်ပြထားသည်။ ယင်းမှာလည်း မိလိန္ဒပဉှာကျမ်း မည်မျှကြီးကျယ်သည်၊ မည်မျှအရေးပါသည် ဆိုသည် အချက်၏ လုံလောက်သော သက်သော သာဓကတစ်ရပ်ပင် ဖြစ်စေသည်။
မိလိန္ဒပဉှာသည် စာပေအမြင်ဖြင့် ကြည့်ကြည့်၊ ဒဿနဗေဒ အမြင်ဖြင့်ကြည့်ကြည့် ထေရ ဝါဒ ဗုဒ္ဓဘာသာ၏ ဂုဏ်ယူစရာကျမ်းတစ်ဆူ ဖြစ်လေသည်။ အနောက်တိုင်း ပညာရှင်များသည် ပင် မိလိန္ဒပဉှာ၏ အရေးပါပုံကို တစ်ညီတစ်ညွတ်တည်း အသိအမှတ်ပြုကြလျက် မိလိန္ဒပဉှာ၌ ဂရိဩဇာ၊ အထူးသဖြင့် ပလေတိုစကား အချေအတင်၏ အရိပ်အယောင် တွေ့ ရသည်ဟု အထင် ရှိကြ၏။ ရာဟုလာသံကိစ္စည်းကလည်း သူ၏ ဗောဒ္ဓဒဿန၌ မိလိန္ဒပဉှာသည် ဟိန္ဒူနှင့် ဂရိတ် အသိဉာဏ်ပညာများ ပေါင်းစပ်လျက် အိန္ဒိယပြည်တွင် အယူအဆသစ်များ စတင်လာခဲ့သည့် သမိုင်းခေတ်က ကျယ်ပြန့်သော အဖြစ်အပျက်များ၏ နမူနာတစ်ရပ်ဖြစ်သည်ဟု ဆိုထားသည်။ ကျမ်း၏ အမည်နာမက ညွှန်ပြထားသည့်အတိုင်း မိလိန္ဒပဉှာသည် မိလိန္ဒ၏ ပဉှာ သို့မဟုတ် ပြဿနာ၊ သို့မဟုတ် ပုစ္ဆာများကို ဖော်ပြသည့်ကျမ်း ဖြစ်သည်။ မိလိန္ဒ ဟူသည်မှာ ဂရိတ်ဘုရင် မေနန္ဒာကို ပါဠိအမည် ပြောင်းထားခြင်းဖြစ်သည်။ မိလိန္ဒပဉှာ၌ မိလိန္ဒမင်းကြီး၏ အမေးပုစ္ဆာများ ကိုသာလျှင် ဖော်ပြထားသည် မဟုတ်ပေ။ မိလိန္ဒမင်းကြီး၏ အမေးပုစ္ဆာများကို ဖြေဆိုခြင်းသည် ဤကျမ်း၏ အဓိကအကြောင်းအရာ ဖြစ်ပေသည်။ မိလိန္ဒမင်းကြီး၏ အမေးပုစ္ဆာများကို ရှင်နာဂ သေန အမည်ရှိ ရဟန်းတော်က ဖြေထားသည်။ သို့ဖြစ်၍ မိလိန္ဒပဉှာသည် မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေ အချေအတင် စကားများကို ရေးသား ဖော်ပြထားသည့်ကျမ်း ဖြစ်လေသည်။ မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့ ယင်း အမေးအဖြေ အချေအတင် စကားမှာ သမိုင်းဝင်ဖြစ်ကြောင်း ရာဇဝင် အထောက်အထားများ ရှိလေသည်။ မိလိန္ဒပဉှာကျမ်း၌ပင် မိလိန္ဒ မင်းကြီးအား ယောနကာနံ ရာဇာ မိလိန္ဒော ဟူ၍ ဂရိနိုင်ငံဘုရင် ဖြစ်ကြောင်း ဖော်ပြထားလျက် မိလိန္ဒဘုရင်၏နေပြည်တော်ကို သာဓလ (ယခုခေတ် ဆယာယ်ကုတ်) ဟူ၍ ဖော်ပြထားလေသည်။
ခရစ်နှစ်မတိုင်မီ ရာစုနှစ်ကာလက အိန္ဒိယပြည်၏ အနောက်မြောက်ခြမ်းသည် ဂရိဘုရင် တို့၏ လက်အောက် ရောက်ခဲ့ရသည်။ ဂရိဘုရင် မေနန္ဒာ၊ သို့မဟုတ် မေနန္ဒရိုစ် သည်ပင် မိလိန္ဒပဉှာ၏ မိလိန္ဒမင်းကြီး ဖြစ်သည်ဟူ၍ သမိုင်းပညာရှင်များ သတ်မှတ် ဆုံးဖြတ်ကြလေ သည်။ သို့ရာတွင် ယင်း ဂရိဘုရင် မေနန္ဒရိုစ် အုပ်စိုးသည့် ခုနှစ်သက္ကရာဇ်နှင့်ပတ်သက်၍မူ သမိုင်း ပညာရှင်များ တစ်ဦးနှင့်တစ်ဦး အယူအဆ မတူကြပေ။ ဆမစ်၏ အယူအဆအရ ဘီစီ ၁၅၅ ၌ မေနန္ဒာသည် အိန္ဒိယနိုင်ငံကို ကျူးကျော်ဝင်ရောက်သည် ။ ရာယ ကျောက်ဓရီနှင့် ဗားနတ်တို့ ၏ အလိုအရမူ မေနန္ဒာအုပ်ချုပ်သည့် ကာလသည် ဘီစီ တစ်ရာစုဖြစ်သည် ။ ဒေါက်တာ ရာမေရှ ကျန္ဒရမဇုမ်းဒါးကား မေနန္ဒာခေတ်သည် ခရစ်မပေါ်မီ နှစ် ၉၀ မတိုင်ခင် ဖြစ်နိုင်ဖို့မရှိပေဟု ဆိုထားသည် ိ။ သမိုင်းပညာရှင် အများစုသည် မေနန္ဒာ၏ခေတ်ကို ဘီစီ ပထမရာစုနှစ်ဟူ၍ ယူဆထားကြသည်။ သို့ဖြစ်၍ မိလိန္ဒပဉှာ မူရင်းကို ထိုခေတ်ကာလတွင် ရေးသားသည် ဟူ၍မှတ်ယူရပေလိမ့်မည်။ ဂရိအုပ်ချုပ်ရေးသည် မေနန္ဒာနောက်တွင် အိန္ဒိယနိုင်ငံမှ အဆောတလျင် ပျောက်ကွယ်သွားပြီးလျှင် အိန္ဒိယသမိုင်း၌ ယင်း၏ထာဝရ အမှတ်သင်္ကေတ တစ်စုံတစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။ ထို့ကြောင့် အကယ်၍ မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေ၊ အချေအတင်စကားများကို အရင်းခံလျက် မိလိန္ဒပဉှာကို နှောင်းခေတ်တစ်ခတ်ကျမှ ရေးသည်ဟု ယူဆသည့်တိုင် ယင်းနှောင်းခေတ်သည် နောက်ပိုင်းအတော်ကျသည့် နှောင်းခေတ် မဖြစ်တန်ရာ။ မည်သည့် ရှုထောင့်ကကြည့်ကြည့် မိလိန္ဒပဉှာကို ရေးသည့်ခေတ်မှာ ခရစ်နှစ်မတိုင်ခင်ဖြစ်ပြီး မိလိန္ဒပဉှာ၏ အခြေခံမှာ ဘုရင်မေနန္ဒာနှင့် ရှင်နာဂသေနတို့၏ သမိုင်းဝင် အမေးအဖြေ အချေ အတင် စကားများပင် ဖြစ်လေသည်။
မိလိန္ဒပဉှာသည် သမိုင်းဝင်ဖြစ်ကြောင်း ပိုမိုခိုင်မာစေသော အထောက်အထား တစ်ရပ်လည်း ထင်ရှားရှိနေသည်။ အိန္ဒိယပြည်ရှိ နေရာဌာနပေါင်း ၂၂ ဌာနလောက်၌ (အထူးအားဖြင့် မထုရာ၌) ဂရိဘုရင် မေနန္ဒာ၏ ဒင်္ဂါးပြားများကို တွေ့ကြရလေသည်။ ထိုဒင်္ဂါးပြားများတွင် ဗေဆိလိယပ်ဆိုငိုရဆို မေနန္ဒာရိုစ် ဟူ၍ ရေးထိုးထားသည်ကို တွေ့ ရသည်။ အံ့ဖွယ်အချက်တစ်ခု မှာ ယင်းဒင်္ဂါးပြားများတွင် ဓမ္မစကြာတံဆိပ် ခတ်နှိပ်ပါရှိနေခြင်းပင် ဖြစ်လေသည်။ ယင်းအချက် မှာ မိလိန္ဒမင်းကြီး၏ ဗုဒ္ဓဘာသာဝင်ဖြစ်သွားကြောင်း အခိုင်အမာ အထောက်အထားပင် ဖြစ်လေ သည်။ မိလိန္ဒပဉှာ၌လည်း ရှင်နာဂသေန၏ အဖြေဝိသဇ္ဇနာများကို ကျေနပ်အားရသွားပြီးလျှင် ဘုရင်မိလိန္ဒသည် မိမိအားတပည့် ဒါယကာ ဥပါသကာအဖြစ် သတ်မှတ်လက်ခံတော်မူရန် ဥပါ သက္ခံ မေဘန္တေ နာဂသေန ဓာရေထ ဟူ၍ ရှင်နာဂသေနအား တောင်းပန်လျှောက်ထားကြောင်း ရေးသားပါရှိလေသည်။ မိလိန္ဒဘုရင်သည် နောင်သောအခါ၌ တိုင်းပြည်ကို သားတော်အား လွှဲအပ်လျက် ဝိပဿနာ ပွားများအားထုတ်ပြီးလျှင် ရဟန္တာ ဖြစ်သွားလေသည် ဟူ၍လည်း မိလိန္ဒပဉှာ၌ ဆိုထားသည် ။ ဂရိသမိုင်းဆရာ ပလူ တာ့က်ကလည်း မေနန္ဒာဘုရင် ကံကုန်သွား သည့်အခါ၌ အိန္ဒိယပြည် မြို့ပေါင်းများစွာတို့တွင် အရိုးကို ဌာပနာလျက် အရိုးစေတီများ ကိုးကွယ်တည်ထားသည်ဟု ဆိုထားလေသည်။
အထက်ပါ မိလိန္ဒပဉှာပါ စကားရပ်များနှင့်တကွ ပလူတာ့က်၏ ရေးသားချက်၊ မေနန္ဒာ ဘုရင်၏ ဒင်္ဂါးပြားတွင်ပါရှိသည့် ဓမ္မစကြာအမှတ်တံဆိပ်များကို ထောက်လျှင် မိလိန္ဒမင်းကြီး ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်ဆိုသည့်အကြောင်းကို လက်မခံနိုင်စရာ အကြောင်းမရှိပေ။ ဤမျှ ခိုင်လုံသော အထောက်အထားများရှိပါလျက် အနောက်တိုင်းပညာရှင်အချို့သည် မေနန္ဒာဘုရင် ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်ဆိုသည့်အချက်ကို လက်မခံချင်ကြပေ။
ဂရိဘုရင် မေနန္ဒာနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေ အချေအတင်စကားများကို အခြေခံ လျက် မိလိန္ဒပဉှာကို ရေးသားခြင်းမှာ သမိုင်းဝင်အကြောင်းအရာ ဖြစ်သော်လည်း မိလိန္ဒပဉှာကို မည်သူရေးသနည်း၊ မည်သည့်ပုံစံမျိုးဖြင့် ရေးခဲ့သနည်း၊ နောက်ထပ် ပြောင်းလဲမှု၊ သို့မဟုတ် ဖြည့်စွက်မှု ရှိသေးသလော စသည့် ပြဿနာများမှာမူ မတင်မကျ ဆုံးဖြတ်ချက် မကျသည့် ပြဿနာများ ဖြစ်နေပေသည်။ ယင်းပြဿနာများကို မစဉ်းစားမီ မိလိန္ဒပဉှာကို ဗုဒ္ဓဓမ္မနှင့်ပတ် သက်သည့် ယုံမှားသံသယများကို ဖယ်ရှား ဖျောက်ဖျက်ပစ်ရန်အလို့ငှာ ဘီစီ နှစ်ရာစု၊ သို့မဟုတ် ဘီစီတစ်ရာစု၌ ဂရိဘုရင် မေနန္ဒာနှင့် ရှင်နာဂသေနတို့၏ ပုစ္ဆာနှင့် ဝိသဇ္ဇနာများကို အခြေခံ လျက် ရေးသားခဲ့သည်ဆိုသည့် အချက်ကိုမူ စိတ်ချလက်ချ သိရှိနားလည်ထားရန် လိုအပ်ပေသည်။
ကျမ်းပြုပုဂ္ဂိုလ် မည်သူမည်ဝါဖြစ်သည်ဟူသော ပြဿနာမှာ မိလိန္ဒပဉှာနှင့်ပတ်သက်သည့် အခက်အခဲဆုံး ပြဿနာတစ်ရပ် ဖြစ်ပေသည်။ ထိုအချက်နှင့်စပ်လျဉ်း၍ ပညာရှင်များ သုတေသန ပြုလုပ်ကြသော်လည်း ကျမ်းအတွင်းအပြင်၌ ကျမ်းပြုပုဂ္ဂိုလ် မည်သူမည်ဝါ ဖြစ်သည်ဆိုသော လုံလောက်သော အထောက်အထားကို မတွေ့ ရပေ။ ကျမ်းပြုပုဂ္ဂိုလ်မှာ ရှင်နာဂသေနပင် ဖြစ် သည်ဟူ၍ ယူဆကြသည်။ ရှင်မဟာဗုဒ္ဓဃောသ ကလည်း ထိုသို့ပင် ယူဆသည်။ ရှင်နာဂသေန သည် ကျမ်းတွင်ပါသည့် ဇာတ်ဆောင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သကဲ့သို့ပင် ကျမ်းပြုပုဂ္ဂိုလ်လည်း ဖြစ် သည်ဟူသော အချက်ကို ဆန့်ကျင်ကန့်ကွက်သူ မရှိကြပေ။ ရစ်(စ်)ဒေးဗစ်ကမူ ကျမ်းပြုသူ၏ အမည်ကို မာဏဝ ဟူ၍ ဖော်ပြထားသည်။ယင်း အယူအဆနှင့်ပတ်သက်၍မူ ခိုင်လုံသော သမိုင်း အထောက်အထား မတွေ့ ရပေ။ မြန်မာမူ မိလိန္ဒပဉှာကို မှတ်တမ်းတင်ခဲ့သော ပုဂ္ဂိုလ်မှာ သီဟိုဠ် ကျွန်း ဒေါဏီမြို့၌ နေထိုင်သီတင်းသုံးသော ဒေါဏိမထေရ် ဖြစ်သည်ဟု ရေးသားပါရှိလေသည် ။
မိလိန္ဒပဉှာသည် တစ်ဦးတည်းက တစ်ခေတ် တစ်ချိန်တည်းတွင် ရေးသည့်ကျမ်း မဟုတ်ဘဲ တစ်ဦးမကသော ကျမ်းပြုများ တစ်ဦးနှင့်တစ်ဦး မတူသော မိမိတို့၏ ခေတ်ကာလ အသီးသီး တို့၌ ရေးသားသည့်ကျမ်း ဖြစ်၏ ဟူ၍ အချို့ ပညာရှင်များက၊ အထူးအားဖြင့် အနောက်တိုင်း ပညာရှင်များက ယူဆကြလေသည်။ အပိုင်းကဏ္ဍတို့၏ တစ်ခုနှင့်တစ်ခု ပုံစံကွဲပြား ခြားနားမှ ကြောင့်လည်းကောင်း၊ ရေးဟန်နှင့် အကြောင်းအရာများ တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားမှုကြောင့် လည်းကောင်း မိလိန္ဒပဉှာကျမ်းသည် မူလက မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့၏ ပုစ္ဆာဝိသဇ္ဇနာ ကို အကျဉ်းချုပ် ရေးသားထားသည့်ကျမ်း ဖြစ်ဖို့ရှိပြီး နောက်ပိုင်းကျမှ ထေရဝါဒ ဗုဒ္ဓဘာသာ၏ အမြင်ဖြင့် အရေးကြီးသည့် အချက်အလက်များကို ထပ်ဖြည့်ထားခြင်း ဖြစ်သည်ဟု အယူရှိကြ လေသည်။
မိလိန္ဒပဉှာ၌ ပါရှိသည့် ပုံစံနှင့် ဟန် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားနေသော အတွင်း အထောက်အထားများအပြင် အခြား လုံလောက်သော အပြင် အထောက်အထား တစ်ခုကလည်း ယခုရှိနေသည့် မိလိန္ဒပဉှာသည် မူရင်းကျမ်း မဟုတ်တော့ဘဲ ထပ်မံဖြည့်စွက် ရေးသားထားသည့် ကျမ်း ဖြစ်သည်။ သို့မဟုတ် သက္ကတဘာသာကျမ်းတစ်ခုမှ ပါဠိဘာသာပြန်ထားသည့် ကျမ်း ဖြစ်သည် ဆိုသောအချက်ကို ကျားကန်ပေးနေသည်။ ယင်းအထောက်အထားမှာ မိလိန္ဒပဉှာတရုတ်ဘာသာပြန် ဖြစ်လေသည်။ နာဂသေန သုတ္တဟူ၍ ကျမ်းအမည်ပေးထားသည့် ယင်းတရုတ် ဘာသာ မိလိန္ဒပဉှာကို ခရစ်နှစ် ၃၈၇ နှင့် ၄၂၀ အကြား၌ ဘာသာပြန်ဆိုသည်။
ပါဠိမိလိန္ဒ၌ ကဏ္ဍ ခုနစ်ခု ရှိသည်။ ယင်းတို့မှာ
(၁) ဗာဟိရကထာ
(၂) လက္ခဏပဉှာ
(၃) ဝိမတိစ္ဆေဒနပဉှာ
(၄) မေဏ္ဍကပဉှာ
(၅) အနုမာနပဉှာ
(၆) ဓုတင်္ဂကထာပဉှာ
(၇) သြပမ္မကထာပညာတို့ ဖြစ်ကြသည်။
နာဂသေနသုတ္တ အမည်ရှိသော မိလိန္ဒပဉှာ တရုတ်ဘာသာပြန် ၌ကား စတုတ္ထကဏ္ဍမှစ၍ သတ္တမကဏ္ဍအထိ မပါပေ။ သို့ဖြစ်၍ ပညာရှင်များက မိလိန္ဒပဉှာ၏ ရှေ့ပိုင်း သုံးကဏ္ဍတို့သည်သာလျှင် မူလကျမ်းရင်းဖြစ်ပြီး ကျန် နောက်ပိုင်းကဏ္ဍတို့မှာနောက်မှ ထပ်ဖြည့်သည့် စာများဖြစ်၏ ဟူ၍ အယူရှိကြလေသည်။ ဆေနန်နှင့် ဝါသ် စသော ပညာရှင် များအပြင် ဂိုဂါPနှင့် ဝင်တာနစ် J တို့လည်း ယင်းကဲ့သို့ပင် ယူဆကြလေသည်။ ထိုပုဂ္ဂိုလ်များ သည် ယင်းအယူအဆ၏ အထောက်အထားဖြစ်သော အခြားအကြောင်းများကိုလည်း ထုတ်ပြ ကြလေသည်။ အကြီးမားဆုံးသော အကြောင်းတစ်ခုမှာ ယခု ထင်ရှားရှိနေသော ပါဠိမိလိန္ဒပဉှာ ၌ပင် တတိယကဏ္ဍ၏ အပြီးသတ်၌ မိလိန္ဒဿပဉှာနံ ပုစ္ဆာ ဝိသဇ္ဇနာ နိဋ္ဌိတာ (မိလိန္ဒ အမေး ပုစ္ဆာ၏ အဖြေ ဝိသဇ္ဇနာ ပြီးပြီ) ဟူ၍ ရေးသားထားခြင်း ဖြစ်လေသည်။ ထိုမျှသာမက စတုတ္ထ ကဏ္ဍ၏ အစ၌ ရေးသားပါရှိသော ဂါထာတို့၌လည်း စကားအရာ လိမ္မာကျွမ်းကျင်သော၊ တက္က ဗေဒကို လိုလားနှစ်သက်သော၊ အလွန်တရာ ဉာဏ်ပညာထက်မြက်သော မိလိန္ဒသည် အသိ ပညာ ဝေဖန်ပိုင်းခြား သိရှိနိုင်ရန်အလို့ငှာ နာဂသေနထံသို့ ချဉ်းကပ်၏ ိ ဟူ၍ အသစ်တစ်ဖန် ကျမ်းဦး အစပျိုးထားသည်ကို တွေ့ ရပေသည်။ မိလိန္ဒ၏ အမေးပုစ္ဆာများကို ဖြေဆိုခြင်းကိစ္စ လက်စသတ်လိုက်လျှင် ယခုကဲ့သို့ အသစ်တစ်ဖန် ထပ်မံ၍ ပဏာမ အစပျိုးနေစရာ အကြောင်း မရှိပေ။ ဘက်မလိုက်သည့် ဝေဖန်ရေးသမားတစ်ဦးအတွက် ထိုစတုတ္ထကဏ္ဍမှ အစပြုသော နောက်ပိုင်းကဏ္ဍတို့အား မူလ ပင်ကိုလက်ရာ ဟုတ်မဟုတ် ယုံမှားသံသယမဖြစ်ဘဲ နေတော့ မည် မဟုတ်ပေ။ အံ့သြဖွယ် အချက်တစ်ခုမှာလည်း အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓဃောသ ကိုးကားသော မိလိန္ဒပဉှာကျမ်း၏ အချက်အလက်များမှာ များသောအားဖြင့် ရှေ့ပိုင်းသုံးကဏ္ဍမှ အချက်အလက်များ ဖြစ်နေပေသည်။
ရှေ့ပိုင်းသုံးကဏ္ဍကိုပင်လျှင် ပညာရှင်အချို့ က မူလ ပင်ကိုလက်ရာ ဟုတ်မဟုတ် သံသယ ဖြစ်ကြသေးသည်။ ဝင်တာနစ်ကိုယ်တိုင်ကပင် ပထမကဏ္ဍ၏ အစိတ်အပိုင်းအချို့ကို မူလပင်ကို လက်ရာ မဟုတ်ဟူ၍ အယူရှိလေသည်။ ဂိုင်ဂါကလည်း ထိုအယူအဆကို လက်ခံလေသည်။ ထိုနည်းအတိုင်းပင် တတိယကဏ္ဍ ဝိမတိစ္ဆေဒနပဉှာ၌လည်း ထပ်မံ ဖြည့်စွက်ထားခြင်းများ ရှိ နိုင်သည် ဟူ၍ အယူရှိကြသည်။ ယင်းကဏ္ဍ၌ မိလိန္ဒမင်းကြီး၏ သံသယဒွိဟများကို ဖြေရှင်း ထားသည်။ ထေရဝါဒ ဗုဒ္ဓဘာသာအမြင်ဖြင့် အရေးပါသော သံသယများကို ဖြေရှင်းချက်များ နှင့်တကွ ဖော်ပြထားသည်ဟူ၍ ပညာရှင်များက ယူဆကြသည်။ ဂါဗ်နှင့် ရှရေဒါတို့ကမူ ယင်း ကဏ္ဍတစ်ခုလုံးသည် နောက်မှ ထပ်ဖြည့်ထားသည့်ကဏ္ဍ ဖြစ်သည်ဟူ၍ အယူရှိလေသည်။
ယင်းသို့အားဖြင့် ပါဠိ မိလိန္ဒပဉှာ၏ စတုတ္ထကဏ္ဍမှစ၍ သတ္တမကဏ္ဍအထိ ကဏ္ဍများမှာ နောက်မှထပ်ဖြည့်သည့် ကဏ္ဍများဖြစ်၏ ဟူ၍ ပါဠိမိလိန္ဒနှင့် တရုတ်ဘာသာပြန် နာဂသေန သုတ္တတို့၏ ကွဲပြားခြားနားချက်ကိုလည်းကောင်း၊ ဖော်ပြပါ အထောက်အထားများကိုလည်းကောင်း အခြေခံလျက် ကြံဆကြလေသည်။ ဒေါက်တာဂိုင်ဂါက ပါဠိ မိလိန္ဒပဉှာသည် မူရင်း သက္ကတ ဘာသာဖြင့် ရေးသားထားသည့် ကျမ်းဖြစ်ကြောင်း၊ နောက်မှ သီဟိုဠ်ကျွန်း၌ ပါဠိဘာသာဖြင့် ဘာသာပြန်ဆိုခြင်းဖြစ်ကြောင်း၊ ပါဠိ မိလိန္ဒပဉှာ၌ မူလက မပါသည့် အချက်အလက်များ ထပ် ဖြည့်ထားကြောင်း ရေးသားထားသည်။ သို့ရာတွင် ထိုအယူအဆကို ပညာရှင်အချို့က လက်မခံ ကြပေ။ ဘာရတ်ဆိန် ဥပဇ္ဈာယကမူ ဤသို့ ရေးသားသည်။ မိလိန္ဒပဉှာ၌ နောက်ထပ်ဖြည့်စွက် သော အချက်အလက်များ ပါရှိသည် ဆိုသည်မှာ ဖြစ်နိုင်စရာ ရှိသော်လည်း မိလိန္ဒပဉှာသည် မူလ သက္ကတဘာသာမှ ပါဠိဘာသာ ပြန်ဆိုထားခြင်း ဖြစ်သည်ဟူသော အချက်ကိုမူ လက်ခံ နိုင်စရာ အကြောင်းမရှိပေ။ အမှန်စင်စစ်အားဖြင့် မိလိန္ဒပဉှာသည် အိန္ဒိယပြည် အနောက်မြောက် ပိုင်း၌ ဘီစီ ပထမရာစုနှစ်က ပါဠိဘာသာဖြင့် မူလ စတင်ပြီး ရေးသားထားသည့် ကျမ်း ဖြစ်၏။
မိလိန္ဒပဉှာသည် ဒဿနဗေဒအမြင်ဖြင့် ကြည့်ကြည့်၊ ဓမ္မအမြင်ဖြင့် ကြည့်ကြည့် အလွန် အရေးပါသော ကျမ်းကြီးတစ်ကျမ်း ဖြစ်သည်။ စာပေအမြင်၊ သမိုင်းအမြင်အရလည်း မိလိန္ဒပဉှာ ၏ အရေးပါ အရာရောက်မှုမှာ မသေးငယ်ပေ။ မိလိန္ဒပဉှာသည် ထေရဝါဒ ဗုဒ္ဓကျမ်းစာ ဘဏ္ဍာ တိုက်ထဲမှ အရောင် တလက်လက်ထွက်နေသည့် ရတနာလုံးကြီး ဖြစ်လေသည်။ မိလိန္ဒပဉှာကို ဘုရားဟောဒေသနာကဲ့သို့ပင် တန်ဖိုးထားကြသည်။
မိလိန္ဒပဉှာ၏ အမေး အဖြေ အချေ အတင် ပုံစံဖြင့် တင်ပြဟန်ကို ကြည့်လျက် အချို့ အနောက်တိုင်း ပညာရှင်များက မိလိန္ဒပဉှာတွင် ဂရိသြဇာ လွှမ်းမိုးမှုရှိသည်ဟု ယူဆကြသည်။ ပလေတို၏စကား အချေအတင်ပုံစံ၏ အရိပ်အယောင် လွှမ်းနေသည်ဟု ဆိုလိုသည်။ ယင်း ယူဆချက် မမှန်ဟူ၍ အရှေ့တိုင်းပညာရှင်အချို့က ပြန်လှန်ချေပထားကြသည်။ ရှင်နာဂသေန သည် ဂရိဘာသာစကားနှင့်လည်းကောင်း၊ ဂရိ အတွေးအခေါ်နှင့်လည်းကောင်း နီးစပ်မှုရှိသည် ဆိုသည့် အထောက်အထားမရှိပေ။ ရှင်နာဂသေန၏ မျက်မှောက်၌ အမေးအဖြေ အချေအတင် ပုံစံအတွက် အတုခိုးစရာ နမူနာများ အလုံအလောက်ရှိနေသည်။ ယင်းတို့ကား အမေးအဖြေ ပုံစံ ဖြင့် ရှိနေသော ဗုဒ္ဓဒေသနာတော်များ ဖြစ်ပေသည်။ ရှင်နာဂသေနသည် အမေကျော်ပြီး ဒွေးတော် လွမ်းမည် မဟုတ်ပေ။ သူ၏ အမေဖြစ်သည့် ဗုဒ္ဓဒေသနာတော်များ သူ ့ရှေ့၌ အရံသင့် ရှိနေသည်။ သူ့ လက်တစ်ကမ်း၌ ရှိသည့် ပုံစံ နမူနာများကို ဥပေက္ခာပြုလျက် သူနှင့် အလှမ်း ဝေးလှသည့် ဂရိယဉ်ကျေးမှုကို အထင်ကြီးသည် ဆိုသော အဓိပ္ပာယ်မှာ လုံးဝ မသင့်လျော်ပေ။ အမှန်မှာ မိလိန္ဒပဉှာ ရေးဟန်ပုံစံ၏ မြစ်ဖျားခံရာမှာ ဘုရားဟောဒေသနာတော် ဖြစ်သည့် ပါဠိ ပိဋကတ်တော်ပင် ဖြစ်လေသည်။ ဒီဃနိကာယ် ‘ပါယာသိသုတ်”ကဲ့သို့သော အမေးအဖြေ အချေ အတင်ပုံစံဖြင့် ဟောထားသော ဒေသနာတော်များသည် မိလိန္ဒပဉှာ၏ မြစ်ဖျားခံရာ ဖြစ်လေ သည်။ မိလိန္ဒပဉှာသည် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ၏ ကထာဝတ္ထု၊ သြဇာလွှမ်းမိုးမှု အထိုက် အလျောက် ခံရသည်ဟူ၍လည်း ဆိုနိုင်သည်။
သမိုင်းအမြင်အရ ကြည့်လျှင်၊ အထူးအားဖြင့် ပါဠိစာပေ သမိုင်းအမြင်အရ ကြည့်လျှင် မိလိန္ဒာပဉှာ၏ အရေးပါ အရာရောက်မှုမှာ ထူးခြားလှပေသည်။ မိလိန္ဒပဉှာတွင် ပါဠိ တိ ပိဋကတ် ကျမ်းဂန်များ၏ အမည်နာမ အများအပြားကို ထုတ်ဖော် ရေးပြထားသည်။ နိကာယ် ငါးရပ်နှင့် အဘိဓမ္မာ ခုနစ်ကျမ်းကိုလည်းကောင်း၊ ယင်းကျမ်းဂန်များမှ ကောက်နုတ်ချက်၊ ထုတ်နုတ်ချက်များကို လည်းကောင်း ဖော်ပြထားပေသည်။ ယင်းကိုထောက်လျက် ပါဠိ တိ ပိဋကတ်သည် ဘီစီ ပထမ ရာစုနှစ်လောက်ကလည်း ယခုအတိုင်း ရှိခဲ့သည်ဆိုသည်မှာ ထင်ရှား သိသာလှသည်။
မိလိန္ဒပဉှာ၌ နေရာဒေသ များစွာတို့၏အကြောင်း ပါသည်။ အလဆန္ဒ (အလက်ဇန္ဒရီးယား)၊ ယဝန (ဂရိ၊ ဗက်ကတရိယား)၊ ဘရုသစ္စ (ဘရောက်ကျိ)၊ စိန (တရုတ်)၊ ဂန္ဓာရ၊ ကလိင်္ဂ၊ ဂဇင်္ဂလာ၊ ကောသလ၊ မဓုရာ (မထုရာ)၊ သာဂလ၊ သာဂတ၊ သောရဋ္ဌ (ဆောက်ရာရှတရ)၊ ဗာရာဏသီ၊ ဝင်္ဂ တက္ကောလ၊ ဥဇ္ဇေနီ စသော နေရာဒေသများကို မိလိန္ဒပဉှာ၌ တွေ့ရသည်။ ယင်းအချက်များကို လေ့လာကြည့်လျှင် ထိုခေတ်က ဇမ္ဗူဒိပ်ကျွန်း၏ ပထဝီဝင် အနေအထား ကို သိရှိနိုင်သည်။
မိလိန္ဒာပဉှာ၌ ဗုဒ္ဓ အဘိဓမ္မာရေးရာများဖြစ်သော အနတ္တဝါဒ၊ ကံ၊ ဘဝတစ်ပါး၊ နာမ်၊ ရုပ်၊ နိဗ္ဗာန် စသော အကြောင်းအရာများကို ဥပမာ ဥပမေယျတို့ဖြင့် ရှင်းလင်းပြတ်သားစွာ ရေးသား ဖော်ပြထားသည်။ ယင်း ဗုဒ္ဓအဘိဓမ္မာဆိုင်ရာ ရှင်းလင်းဖော်ပြချက်များလောက် တိကျကောင်း မွန်သည့် ရှင်းလင်းဖော်ပြချက် ပါဠိပိဋကတ်စာပေ တစ်ခုလုံး၌ ဗုဒ္ဓဟောကြားချက်မှ တစ်ပါး အခြားမရှိဟု ပညာရှင်များက ယူဆကြလေသည်။ သို့ဖြစ်၍ ဗုဒ္ဓအဘိဓမ္မာနှင့် ဗုဒ္ဓစာပေ လေ့လာ သင် ကြားသူများ အတွက် မိလိန္ဒပဉှာကို မလေ့လာရသေးလျှင် ပြီးပြည့်စုံပြီဟု မဆိုသာချေ။
အချုပ်အားဖြင့် ပြောရလျှင် မိလိန္ဒပဉှာသည် တရားဓမ္မ၊ အဘိဓမ္မာ စာပေ၊ ရာဇဝင်၊ သမိုင်း ပထဝီဝင်မှ စ၍ မည်သည့် အမြင်ဖြင့် ကြည့်ကြည့် ဗုဒ္ဓဘာသာ စာပေသမိုင်း၌ အလွန်တရာ အရေ ပါအရာရောက်သော ကျမ်းတစ်ဆူ ဖြစ်ပေသည်။
နှလုံးလှ စာတည်းအဖွဲ့
ရဟန်းဘဝ ရဟန်းအဖြစ် မဟုတ်ဘဲနှင့်လည်း တရားထူးကို ရရှိခံစား နိုင်ပေ၏၊ ဓမ္မစက္ကသုတ်၊ အနတ္တလက္ခဏသုတ်၊ မဟာသမယသုတ် စသည် ကို မြတ်စွာဘုရား ဟောကြားတော်မူရာ၌ ရဟန်းမဟုတ်သော နတ်ဗြဟ္မာ များစွာတို့ နာကြားရသဖြင့် တရားထူးကို ရရှိခံစားရသည် မဟုတ်လော။